.
.
ယနေ့ အောက်တိုဘာလ
၁၇ ရက်သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရေးနေ့ ဖြစ်ပါသည်။
.
မြန်မာနိုင်ငံတွင်
လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိနေပြီး
ဆယ်စုနှစ် တစ်ခုစာ ကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်များ
နောက်ပြန်လှည့်လျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ထုတ်ပြန်ထားသည်။
.
ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါဆိုးကြီး၏ နှိပ်စက်မှုဒဏ်ကြောင့်
ကမ္ဘာတစ်ဝှမ်း စီးပွားရေး ကျဆင်းမှုများ ကြုံခဲ့ရပြီးနောက် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးက
ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်နေကြသည်။ COVID-19 မတိုင်မီကာလက
အခြေအနေကို ရောက်ရှိနိုင်ရန် ကမ္ဘာ့နိုင်ငံအများစုက ခြေလှမ်းပြင်နေကြပြီဖြစ်သည်။
.
သို့ရာတွင် မိမိတို့
မြန်မာပြည်ထောင်စုတွင်ကား ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရသည်။ COVID-19 ကာလကထက် ဆိုးရွားသော စီးပွားရေး
အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံနေရသည်။
.
ဘယ်သူသေသေ ငတေမာရင်ပြီးရော
ဆိုသည့် အာဏာရူး စစ်ခေါင်းဆောင်တစ်စု၏ ကျေးဇူးတရားကြောင့် မြန်မာနိုင်ငံ ၏ စီးပွားရေးအခြေအနေမှာ
COVID-19 ကပ်ရောဂါ မတိုင်မီကာလကထက်
ပိုမိုတိုးတက်လာခြင်းမရှိရုံသာမက လွန် ခဲ့သည့် နှစ်ပေါင်း ၂၀/၃၀ ခန့်ကို နောက်ကြောင်းပြန်ဆွဲသွားခဲ့လေပြီဖြစ်သည်။
.
မြန်မာနိုင်ငံ၏
စီးပွားရေးသည် ပြည်တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခုနှစ်တွင် သိသိသာသာ
ကျုံ့သွားခဲ့ပြီးနောက် ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၏
GDP သည် ၂၀၁၉ ခုနှစ်နှင့်
နှိုင်းယှဉ်ပါက ၁၃ ရာခိုင် နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
.
ဖမ်းဆီး၊ လူသတ်၊ ရွာမီးရှို့ရုံသာ
တတ်စွမ်းသော စစ်ကောင်စီက အာဏာသိမ်းပြီး နိုင်ငံ့အာဏာကို မတရား ဓါးပြတိုက် ရယူခဲ့သောအခါ
ထူထောင်ကာစ တိုင်းပြည်မှာ ဆင်းရဲတွင်း နွံအတွင်းသို့ ထပ်မံသက်ဆင်း ကျရောက်ခဲ့ရသည်။
.
“မြန်မာနိုင်ငံအနေနဲ့
မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေး ကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး
ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက်
အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည် နာလန်ထူမှုမှာ များစွာ
နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့်
လာအို နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် ပြောဆိုထားသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 မတိုင်မီ စီးပွားရေးအခြေအနေသို့
ပြန်လည်ရောက်ရှိရန် အလှမ်းဝေးနေဆဲ ဖြစ်ပြီး ကျန်ဒေသတွင်းနိုင်ငံများမှာမူ ၂၀၁၉
ခုနှစ်က ရှိခဲ့သော GDP ထက်
ကျော်လွန်ရောက်ရှိနေပြီဖြစ်ကာ အချို့မှာ ၂၀၂၃ ခုနှစ်တွင် ရောက်ရှိမည်ဟု
ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
နိုင်ငံတကာအမြင်အနေဖြင့်
မကြည့်ဘဲ လက်ရှိ ပြည်သူများ၏ အရှိတရားကို ကြည့်လျှင်ပင် စစ်ကောင်စီ၏ အသုံးမကျသည့် စီမံခန့်ခွဲမှုများကို
တွေ့မြင်နိုင်မည်ဖြစ်သည်။
.
ယခင်က ဆန်ကို အိတ်ဖြင့်
ဝယ်စားနိုင်သော အိမ်ထောင်စုများပင်လျှင် ယခုအခါ အိတ်ငယ် (၆ ပြည်အိတ်) များ ဝယ်စားနေရသည်။
ယခင်က ပဲဆီသာ စားသုံးခဲ့သော အိမ်ထောင်စုများ အနေဖြင့် ယခုအခါ စားအုန်းဆီအရောကို ဝယ်စားနေရသည်။
.
ငွေကြေးတတ်နိုင်သူ
အနည်းစုကို မဆိုလိုသော်လည်း သာမန် အခြေခံလူတန်းစား၊ လခစားဝန်ထမ်းများ အပါအဝင် အများစုမှာ
ဝင်ငွေမလုံလောက်မှုဒဏ်ကို ခံစားနေရသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးသည့်နောက်ပိုင်း
မြန်မာပြည်သူများအနေဖြင့် စားအုံးဆီ ၁ ပိဿ ရရန်အတွက် နေပူမရှောင်၊ မိုးရွာမရှောင် ခွဲတမ်းဖြင့်
ရောင်းချပေးနေသည့် ဆီကားကို တန်းစီး တိုးဝှေ့ စောင့်ဆိုင်းနေသည့် ပြည်သူလူထု၏ မြင်ကွင်းက
လက်ရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ညွှန်းကိန်းကို မီးမောင်းထိုးပြနေပါတော့သည်။ ။
.