.
မြို့တော်တောင်ကြီး အောက်တိန်း 92 စက်သုံးဆီ တစ်လီတာလျှင် ၂၅၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ
ယခုရက်ပိုင်းအတွင်း ၂၀၀၀ ကျပ် အောက်သို့ဈေးနှုန်း ကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန် အပါအဝင် အထွေထွေကုန်ဈေးနှုန်း
များမှာ ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျှင်
၅၀၀ ကျပ်နီးပါး ဈေးနှုန်းကျဆင်းလာသော်လည်း
အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာမူ ကျဆင်းလာခြင်း မရှိသည့်အတွက်
လက်လုပ်လက်စား ပြည်သူများ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
“ဓာတ်ဆီဈေးနှုန်း ကျလာတယ်ဆိုပေမဲ့
စားသောက်ကုန်ဈေးတွေက မကျသေးပါဘူး။ ဆန်ဈေး၊
ဆီဈေးတွေ တက်နေတဲ့အပြင် အသီးအရွက်ဈေးနှုန်းတွေပါ တက်နေတုန်းပါ” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက
ပြောသည်။
.
တောင်ကြီးမြို့ပေါ် ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း ရှယ်တစ်အိတ်လျှင်
၉၂၀၀၀ ကျပ်ခန့်၊ ဖျာပုံပေါ်ဆန်းရှယ် တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်ခန့်၊ ဆန်ကြမ်းတစ်အိတ်လျှင်
၄၇၀၀၀ ကျပ်ခန့်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ခန့်၊ ကြက်ဥ ၁၀ လုံး ၂၅၀၀ ကျပ်ခန့်
ပေါက်ဈေးရှိနေကြောင်း သိရသည်။
.
စက်သုံးဆီဈေးနှုန်း ကျဆင်းနေသော်လည်း အခြေခံစားသောက်ကုန် လက်လီ၊
လက်ကား ဖြန့်ဖြူးရောင်းချသည့် ကုန်သည်များအနေဖြင့် ဈေးအမြင့်များဖြင့် ဝယ်ယူထားရသဖြင့်
ဈေးနှုန်း ချက်ချင်းချပေးနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
.
“ဓါတ်ဆီဈေးကျတယ်ဆိုပေမဲ့
ကျွန်တော်တို့ဝယ်တဲ့အချိန်တုန်းက ပစ္စည်းဈေးတွေက
အတက်ဈေးနဲ့ ပေးဝယ်ထားရတာပါ။ အဲဒါကြောင့် ကုန်ဈေးနှုန်းက ချက်ချင်းကြီး လိုက်ချပေးလို့ အဆင်မပြေဘူးပေါ့။ ဖောက်သည်တွေ အဆင်ပြေအောင်
တော့ တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် စားသောက်ကုန် လက်ကား ဖြန့်ဖြူး
ရောင်းချသူတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ ၅ ရက်၌ ဒီဇယ်ရိုးရိုး
တစ်လီတာလျှင် ၂၅၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၄၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင်
၁၉၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၀၃၀ ကျပ်၊ အောက်တိန်း 97 တစ်လီတာလျှင် ၂၁၃၀
ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
.