တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်ရှိ တာကော်တံတား စစ်ဆေးရေးဂိတ်၌ ပစ္စတိုသေနတ်များ၊ ခဲယမ်းများ နှင့် RPG ဗုံးသီးများကို ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်နက်/ခဲယမ်းနှင့် ဗုံးသီးများအား ဖမ်းမိသော်လည်း မော်တော်ယာဉ် ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားသဖြင့် ပိုင်ရှင်မဲ့ အဖြစ်သာ သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရင်းမြစ် တစ်ဦး၏ ပြောဆိုမှုအရ သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် ဖြစ်စဉ် အခြေအနေ အသေးစိတ်အား ပြောဆိုရန်ကိုမူ အထက်ပါ သတင်းပါ သတင်းရင်းမြစ်က ငြင်းဆိုသည်။
.
တာကော်တံတား စစ်ဆေးရေးဂိတ်သည် ကွန်ဟိန်းမြိုနှင့် မိုင်းပျဥ်းမြို့ကြား၌ တည်ရှိပြီး ရှမ်းတောင်နှင့် ရှမ်းရှေ့၏ အဓိက ကျသော နယ်ခြားစစ်ဆေးရေးဂိတ် ဖြစ်ကာ တောင်ကြီးမှ ၁၆၆ မိုင် ၂ ဖာလုံ၊ ကျိုင်းတုံမှ ၁၁၄ မိုင် ကွာဝေးသည်။
.
ထို့အတူ စက်တင်ဘာလ ၂၉ ရက်ကပင် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းပိုင်း တစ်နေရာ၌ လည်းကောင်း၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားရှိ တံတားဂိတ်၌ လည်းကောင်း စစ်ကောင်စီက လက်နက်/ခဲယမ်းများကို သီးခြားစီ ဖမ်းဆီးရမိခဲ့သည်ဟုလည်း သိရသည်။