ရှမ်းပြည်နယ်တောင်ပိုင်း ထီရိတိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့နှင့် စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများသည် ကျန်းမာရေး ကောင်းမွန်ပြီး အဆင်ပြေနေသည်ဟု မိသားစုထံ မှာကြောင်းခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(Pekhon PDF)၊ တပ်ရင်း(၂)က ထုတ်ပြန်သည်။
.
အဆိုပါ စစ်သုံ့ပန်းများ ထိန်းသိမ်းထားရှိရာ နေရာသို့ Pekhon PDF (2) က စက်တင်ဘာလ ၁ ရက်တွင် ရောက်ရှိ တွေ့ဆုံစဉ် " လက်ရှိ အချိန်တွင် အရေးယူခံရမည် စိုး၍ နေရပ်သို့ ပြန်လိုသေးခြင်း မရှိကြောင်း၊ ကျန်းမာရေး ကောင်းမွန်ပြီး အဆင်ပြေပြေ နေရကြောင်းကိုတော့ မိသားစုကို သိစေချင်ကြောင်း၊ ၎င်းတို့ကို မစိုးရိမ်ပါရန် မှာကြားလိုကြောင်း " ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် Pekhon PDF (2) နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃) တို့ ပူးပေါင်း၍ ထီရိကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်စဥ် PNO ပြည်သူ့စစ် ၃ ဦး၊ စစ်ကောင်စီတပ်သား ၂ ဦး၊ စုစုပေါင်း ၅ ဦးသည် လက်နက်ချခဲ့သဖြင့် ၎င်းတို့ကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထိန်သိမ်းထားခြင်း ဖြစ်သည်။
.