.
အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် နိုင်ငံသားများကို
ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက
ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆၆ ကြိမ်မြောက်
အစိုးရအဖွဲ့အစည်း အဝေးကို ယနေ့ စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက
ပြုလုပ်ရာ အဖွင့်မိန့်ခွန်းတွင် ယာယီသမ္မတက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ပြီး တိုင်းပြည်မှ ထွက်ပြေး သွားအောင်
နှင်ထုတ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက နိုင်ငံပြင်ပကို
အကြောင်း အမျိုးမျိုးနဲ့ ထွက်ခွာသွားတဲ့ တို့နိုင်ငံသားများကို ကူညီစောက်ရှောက်နိုင်ဖို့
လုပ်ဆောင်ပေး နေတဲ့ အစိုးရဖြစ်ပါတယ်။ ကာကွယ်ပေးဖို့လည်း တာဝန်ရှိပါတယ်” ဟု ယာယီသမ္မတက
ပြောသည်။
.
ထို့အတူ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာသည့် တစ်နှစ်တာကာလအတွင်း
NUG အနေဖြင့် အောင်မြင်မှုများ ရှိခဲ့ သလို စိန်ခေါ်မှုများ၊ ထိခိုက်နစ်နာမှုများလည်း
ရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်နစ်နာမှုများကို သင်ခန်းစာယူပြီး စိန်ခေါ်မှု များကို
ကျော်လွှားကာ ပြည်သူလူထု လိုလားမျှော်မှန်းသည့် ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်း
အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှာစကား
ပြောကြားခဲ့ပြီး ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးက
ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ သားသမီးများကို မွေးစားရင်းလက်မှတ်ထုတ်ပေးမှုလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊
ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကာ ယာယီသမ္မတက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးသို့
ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
စက်တင်ဘာလ ၇ ရက်တွင် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
.