ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယမန်နေ့ (စက်တင်ဘာ ၁၁ ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
.
“ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့
တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အားလုံးကို
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူတယ်။ ပြည်သူ့
သားသမီးများပီပီ ပြည်သူဘက်က ရပ်တည်ဖို့၊ ပြည်သူနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့
ရဲဘော်တို့ရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း ပြောလိုတယ်။ အခုဆို ရဲဘော်တို့ဟာ
ပြည်သူ့ကွယ်ရေးတပ်မတော်PDFရဲဘော်များအဖြစ်ခံယူပြီးဖြစ်ရုံမက လက်တွေ့တော်လှန်ရေးမှာ
ပါဝင်နေကြပြီလည်း ဖြစ်တယ်။ ဒီသတင်းကို ပြည်သူတွေကြားရင် ဂုဏ်ယူမဆုံး ရှိလိမ့်မယ်။”
ဟု ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။
.
ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော
တပ်မတော်သည် ကိုယ်ကျိုးအာဏာ ငမ်းဖမ်းနေသည့် စစ်ခေါင်းဆောင် တစ်စုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီ
ဖြစ်ရာ စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်အသစ်နှင့့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သစ်ကို
ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်၊ ရှေ့ဆောင်လမ်းပြမှုနှင့် အညီ အသစ်တည်ထောင်နေကြောင်းနှင့်
ယင်းတပ်မတော်သည် ပေါ်ပေါက်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတပ်တော်၏ ရှေ့ပြေးအမြုတေလည်း
ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
.
နိုင်ငံ၏ တည်ငြိမ်မှု၊ ပြည်သူများ၏
လုံခြုံမှုအတွက် တာဝန်ရှိသဖြင့် ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပြီး လက်နက်အားကိုး၍
ပြည်သူကို ရန်ပြုနေသော စစ်ကောင်စီကို လက်နက်ကိုင် တွန်းလှန် ဖယ်ရှားပစ်ရန်မှာ လတ်တလော
တာဝန်ဖြစ်ကြောင်း အသိပေးထားသည်ကို တွေ့ရသည်။
.
စစ်ကောင်စီတပ်သည် စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းလည်း မရှိ၊ အပြစ်မဲ့ ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာ တတ်နိုင်တော့သည့် လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီ ဖြစ်၍ စစ်အုပ်စု၏ နေဝင်ချိန် မဝေးတော့ကြောင်းနှင့် “ငါတို့အားလုံး စွန့်လွှတ်ကြမယ်၊ အနစ်နာခံကြမယ်၊ ရဲဘော်ရဲဘက် အချင်းချင်း ညီအကိုရင်းလို ညီညွတ် ကြမယ်။ စစ်အုပ်စုကို အနိုင်ယူပြီး ပြည်သူနဲ့အတူ အောင်ပွဲခံကြမယ်။” ဟူ၍လည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။