.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ နှင့်
၅၆ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ်
သတ်မှတ်ပြီး အခြားနည်းဖြင့် အသုံးချပါက အရေးယူခံရမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၂ ရက်တွင်
ထုတ်ပြန်ကြေညာခဲ့သည်။
.
.ရန်ကုန်တိုင်းဒေသကြီး
ဗဟန်းမြို့နယ် အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝန်းဧရိယာ ၁ ဒသမ ၉၂၃
ဧကနှင့် ယင်းမြေဧရိယာပေါ်ရှိ ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏
အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်ထားသည်။
.
အမျိုးသားအဆင့်
ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို
ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊
ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊
ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား
တင်းကြပ်စွာတားမြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် တားမြစ်ချက်များအား
ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊
မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇)
တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ခြံအမှတ်
၅၄ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား ကာလကြာ
အမွေမှု ဖြစ်ပွားခဲ့သည့်ခြံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားသည့် စစ်ကောင်စီက
ဦးအောင်ဆန်းဦး၏ အယူခံကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
.