ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) ၌ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟု မူတြော်သတင်းစဉ်က ယနေ့ထုတ်ပြန်သည်။
.
ကော်သူးလေတပ်မတော်၊ တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့များသည် စက်တင်ဘာလ ၂၃ ရက်တွင် ဘူးသိုမြို့နယ်အတွင်းရှိ နတ်တောင် စစ်ကောင်စီတပ်စခန်းကို ၂ ကြိမ်၊ စက်တင်ဘာလ ၂၂ ရက်တွင် လူသောမြို့နယ် ဝါဒိုဒေး၊ ထော်မူလယ်မဲ၊ ဒွယ်လိုးမြို့နယ် ဝါသိုးခိုကျေးရွာအနီးနှင့် မဲဝိုင်စခန်းအနီးတို့တွင် ၁ ကြိမ်စီ စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရကာ စစ်သုံးကား ၁ စီး ပျက်စီးသွားကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။
.
ထို့အပြင် ဖာပွန်-ကမမောင်းလမ်း မိုင်တိုင် ၄၀ အနီး လှုပ်ရှားနေသော BGF တပ်ရင်း (၁၀၁၃) တပ်ဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်တွင် ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ဒေးညားထာဒေသအတွင်းသို့ ၆၀ မမ လက်နက်ကြီးကျည် ၂ လုံး ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
.
ယမန်နေ့ကလည်း တပ်မဟာ (၅) နယ်မြေအတွင်းသို့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ ဝင်ရောက်၍ ဒွယ်လိုးမြို့နယ်၊ မဲပလီကျေးရွာအုပ်စုရှိ ဒေသခံများကို ပျဉ်းကတိုးသစ်များ မဖြစ်မနေ ခုတ်ပေးရမည်ဟု အမိန့်ပေးထားကြောင်း မူတြော်သတင်းစဉ်က ဆိုသည်။