ကရင်နီ(ကယား)ပြည်နယ် အတွင်း ဖြတ်သန်း သွားလာသူတိုင်း စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန် KNDF တပ်ရင်း (၂) ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကရင်နီ(ကယား)ပြည်နယ် အတွင်း ဖြတ်သန်း သွားလာသူတိုင်း စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန် KNDF တပ်ရင်း (၂) ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် အတွင်း ဖြတ်သန်းသွားလာသူတိုင်း “၂/ မှတ်ပုံတင် ကိုင်ဆောင်သူများသာ ဖြတ်သန်းသွားလာခွင့် ရှိမည်” ဟု ပါရှိသော ကြေညာချက်ကို ပြင်ဆင်ပြီး လူတိုင်း ဖြတ်သန်းသွားလာခွင့် ရှိမည် ဖြစ်ကာ စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံပေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း(၂) က ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

.



ကရင်နီပြည်နယ်အတွင်းသို့ နေ့စဉ် ကရင်နီပြည်နှင့် နီးစပ်ရာဒေသ မဟုတ်ဘဲ ရပ်ဝေးမှသူများ ရာနှင့်ချီ၍ ဝင်ရောက်လာသည်ကို တွေ့ရပြီး အချို့မှာ စစ်ကောင်စီ၏ တပ်သားများ ပေါ်တင် ပို့ဆောင် မရသဖြင့် အရပ်သား အသွင်ယူပြီး ဝင်ရောက်သည်ဟု ယူဆဖွယ်ရာ တွေ့ရှိရကြောင်းနှင့် စစ်ကောင်စီသည် ၎င်းတို့တပ်သားများကို အရပ်သားအသွင်ဖြင့် ပို့ဆောင်ကာ လက်နက်ခဲယမ်းများကို လေကြောင်းဖြင့် ပို့ဆောင်ပြီး ကရင်နီပြည် ရောက်မှ စစ်ဆင်ရေးတွင် ပါဝင်ကြသည်ဟု သံသယဖြစ်ဖွယ် ရှိသည်ဟု KNDF တပ်ရင်း(၂) က ဆိုသည်။

.

ကရင်နီပြည်၏ မြို့တော် လွိုင်ကော် အပါအဝင် ဒေသအနှံ့အပြားမှ ပြည်သူများမှာ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေရကာ ထိန်းသိမ်းစောင့်ရှောက်သူ လစ်ဟာနေသည့် မြို့ရွာများရှိ အိုးအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ ပရိဘောဂများနှင့် အသုံးအဆောင်များ အပါအဝင် ပစ္စည်းများကို မသမာသူများက ခိုးယူကာ ပြည်နယ်ပြင်ပသို့ ပို့ဆောင် သယ်ထုတ်သွားသည်ကို ကားကြီး/ငယ်များဖြင့် မကြာခဏ စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.



အဆိုပါ အခြေအနေများကြောင့် စစ်ကောင်စီတပ်သားများ အရပ်သား အသွင်ဖြင့် ဝင်ရောက်လာခြင်းကို စိစစ်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်သူပိုင် ပစ္စည်းများ ခိုးယူခံရခြင်းကို ဟန့်တားနိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်၍ ဖိဖိစီးစီး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်လာကြောင်းနှင့် ယင်းသို့ စစ်ဆေးရာတွင် ကရင်နီပြည်မှ ဒေသခံများ မဟုတ်သည့် ရပ်ဝေးမှသူများ အနေဖြင့် လမ်းခရီးတွင် စစ်ဆေးမှုကို နားလည် လက်ခံပေးရန်ကို KNDF တပ်ရင်း(၂)က အသိပေးထားသည်။

.

ထို့အပြင် “ မှတ်ပုံတင် (၂/) ကိုင်ဆောင်သူမှ အပ” ဟု ချွတ်ချော်ပြီး သုံးနှုန်းထုတ်ပြန်ခဲ့မိ၍ ပြည်သူများအား အနူးညွတ် တောင်းပန်ကြောင်းနှင့် ပြည်သူများ အနေဖြင့် ကူးသန်းသွားလာမှုကို ယခင်အတိုင်း ဆက်လက် ပြုလုပ်နိုင်ပြီး စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံ ပူးပေါင်းဆောင်ရွက်ပေးရန်ကိုလည်း KNDF တပ်ရင်း(၂)က မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats