KBZ Pay ကန့်သတ်ချက်အသစ်များကြောင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ်လာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KBZ Pay ကန့်သတ်ချက်အသစ်များကြောင့် သုံးစွဲသူများ အခက်အခဲဖြစ်ပေါ်လာနေ

.

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် KBZ Pay ၏ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသော ကန့်သတ်ချက် အသစ်များကြောင့် သုံးစွဲသူများအကြား အခက်အခဲများ ဖြစ်ပေါ်လာနေပြီး စိုးရိမ်မှုများလည်း ရှိလာနေကြောင်း သိရသည်။

.

.

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်က Level (2) အဆင့် မရှိသော KBZ Pay အကောင့် များ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နှင့် မကိုက်ညီသည့် KBZ Pay အကောင့်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်လာနေခြင်းဖြစ်ကြောင်း သိရသည်။

.

KBZ Pay ငွေလွဲငွေထုတ်ဝန်ဆောင်မှုသည် တောင်ကြီးမြို့ အပါအဝင် ပြည်တွင်းရှိ သုံးစွဲသူများအကြား၌ အသုံးပြုမှု အများဆုံး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုအမျိုးအစားများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုကဲ့သို့ ကန့်သတ်ချက်များ ကြောင့် သုံးစွဲသူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“အခုကြားနေရတာက ဘယ် Level မှာပဲဖြစ်ဖြစ် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကန့်သတ်မှုတွေ လုပ်လာ တာပေါ့။ သုံးရတာလည်း စိတ်ချရတဲ့အနေအထားမျိုးမှာ ရှိမနေတော့ဘူး။ တချို့တွေဆို ရှိတဲ့ငွေတွေ အကုန်ပြန်ထုတ် ဖို့တောင် လုပ်လာတာတွေရှိပါတယ်။ တချို့ဆိုင်တွေကလည်း KBZ Pay လက်မခံတော့ဘူးလို့ ကြားရတယ်” ဟု တောင်ကြီးမြို့ပေါ်နေ KBZ Pay သုံးစွဲသူတစ်ဦးကပြောသည်။

.

KBZ Pay ဝန်ဆောင်မှုနှင့်ပတ်သက်၍ သုံးစွဲသူများကြား ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်း KBZ Pay Agent ဆိုင်အချို့တွင်လည်း ငွေသားထုတ်ယူမှုအား အကန့်အသန့်ဖြင့် ပြုလုပ်လာနေကြကြောင်း သိရသည်။

.

“ဒီနေ့ညနေ ၃ နာရီလောက်က ပစ္စည်းဖိုးရှင်းဖို့ ပိုက်ဆံလိုတာနဲ့ ထုတ်နေကျဆိုင်မှာ ၃ သိန်း ထုတ်ဖို့သွားတာ ၁ သိန်းပဲ ထုတ်လို့ရတယ်လို့ ပြောတယ်။ ထုတ်တဲ့လူ များတဲ့အတွက် ငွေသားပြတ်နေတယ်လို့ ပြောတာပေါ့။ သတင်းတွေ ကလည်း အမျိုးမျိုးထွက်နေတော့ ဘယ်လိုယုံကြည်ရမှန်းတောင် မသိတော့ဘူး” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦး က ပြောသည်။

.

ထို့အပြင် မှတ်ပုံတင်၊ ဖုန်းနံပါတ်နှင့် KBZ Pay အကောင့် တူညီသည့်အပြင် Level 2 အဆင့်ရှိ အကောင့်အချို့လည်း ပိတ်သိမ်းခံရမှုများ ရှိနေကြောင်း ပြောဆိုမှုများ ရှိနေသည်။

.

အလားတူ အခြား မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Wave Money ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များတွင်လည်း စစ်ကောင်စီ၏ ကန့်သတ်ချက်အသစ်များကြောင့် အခက်အခဲများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

.

Journal Download

Photo of three cats