ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အရှေ့ဘက် အထွက် ဟိုပုံး- လွိုင်လင်လမ်းပေါ်၌ စစ်ကောင်စီ လက်အောက်ခံ ရဲများက မော်တော်ယာဉ်များ တားပြီး ငွေကြေးတောင်းခံနေခြင်းကြောင့် ခရီးသွားလာသူ ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
.
မော်တော်ယာဉ် ယာဉ်မောင်းများကို ယာဉ်လိုင်စင်နှင့်ယာဥ်မောင်းလိုင်စင် စစ်ဆေးကာ အပြစ်မရှိ အပြစ်ရှာ၍ ယာဉ်တစ်စီးလျင် ၅၀၀၀၀ ကျပ် တောင်းခံနေခြင်း ဖြစ်ကြောင်း သိရသည်။
.
" အရင် လတွေလည်း ရုတ်တရက် စစ်ပြီး တောင်းတာ။ ကျွန်တော် အစစ်ခံရတဲ့နေ့က မော်တော်ပီကယ်ရဲတွေပေါ့နော်၊ ကားလိုင်စင်၊ ယာဥ်မောင်းလိုင်စင် စစ်တာ။ မပါတော့ ပိုက်ဆံ ၅၀၀၀၀ တောင်းတယ်။ ကျွန်တော် ပြန်ပြောလိုက်တယ် ဒေသဦးစီးညွန်ကြားချက်နဲ့ သွားတာပေါ့နော်။ တကယ်လည်း အဲဒီနေ့ ထမ်းစမ်းမှာ အစည်းဝေးတက်ဖို့ပါ။ ညစ်တာကြာမှာ စိုးလို့ ၂၀၀၀၀ ပေးလိုက်ရတယ်" ဟု ငွေတောင်းခံရသူ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ပိုက်ဆံ တောင်းခြင်းကို ပြီးခဲ့သည့် နှစ်လအတွင်းက စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ကာ လက်ရှိ ပြည်သူများ စီးပွားရေး အခက်အခဲ ဖြစ်ပေါ်နေသည့် ကာလတွင် ယာဉ်ထိန်း ရဲများက ပိုက်ဆံတောင်းခြင်း၊ ငွေညစ်ခြင်းများ မပြုလုပ်စေလိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
မကြာမီ သီတင်းကျွတ်ကာလ ရောက်တော့မည် ဖြစ်၍ ကျေးလက်နေပြည်သူများ မြို့ပေါ်သို့ ဈေးဝယ်တက်ခြင်းများ ရှိသော်လည်း ယင်းကဲ့သို့ မော်တော်ယာဥ်များကို ပိုက်ဆံ တောင်းနေခြင်းကြောင့် ပြည်သူများ အခက်ခဲ ဖြစ်နေရကြောင်း သိရသည်။