.
တောင်ကြီးမြို့တော်
တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲ အပါအဝင် ရိုးရာပွဲတောင်များ၌ ပါဝင်
ယှဉ်ပြိုင် လွှတ်တင်ကြသည့် မီးပုံးပျံများတွင် အသုံးပြုရသည့် ယမ်းများကို
ဖောက်ခွဲရေးပစ္စည်းဟု ဆိုကာ စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ၏ ဖမ်းဆီးခံရမှုများ
ရှိနေကြောင်း သိရသည်။
.
.“ ယမ်းမှုန့်တွေကို
သီးသန့် လိုက် ဖမ်းတာမျိုးတော့ မဟုတ်ဘူး။ ဧည့်စာရင်း စစ်တာတို့၊ ဘာတို့လိုမျိုး
သူတို့ စစ်တဲ့အချိန်မှာ အဲ ယမ်းမှုန့်တွေကို တွေ့သွားရင် ဖောက်ခွဲရေးလုပ်တဲ့
ပစ္စည်းဆိုပြီး ဖမ်းတာ။ ဝါယာကြိုးက အစ အလွတ်မပေးဘူး၊ သက်သေခံပစ္စည်း အနေနဲ့ သိမ်း၊
လူကို ဖမ်းတာပေါ့။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
တန်ဆောင်တိုင်
ကာလနှင့် သီတင်းကျွတ် ကာလများတွင် ရိုးရာ မီးပုံးပျံလွှတ်တင် ပူဇော်လေ့ ရှိရာ
တောင်ကြီးမြို့ပေါ်တွင်ပင် မီးပုံးပျံအဖွဲ့ များစွာ ရှိနေပြီး ယင်းကဲ့သို့ စွပ်စွဲ
ဖမ်းဆီးမှုကြောင့် မသက်ဆိုင်သူ လူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
.
ဖမ်းဆီးခံရသူများအနက်
ပြန်လည် လွတ်မြောက်လာသူ အချို့ ရှိသော်လည်း အချို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး
ပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခံရမှုများလည်း ရှိကြောင်း သိရသည်။
.
“ အဖမ်းခံရလို့
ငွေပေးပြီး ညှိတာ ဖြစ်ဖြစ်၊ ပိုင်ရာဆိုင်ရာနဲ့ ဖြစ်ဖြစ် ပြန်လွတ်လာတာမျိုးတော့
ရှိတာပေါ့။ မလွတ်ဘဲ ထောင် ကျသွားတဲ့သူတွေလည်း ရှိတယ်။ မကြာခင် သီတင်းကျွတ်
တန်ဆောင်တိုင် ရောက်တော့မှာ ဆိုတော့ မီးပုံးပျံယမ်းကို ဆင်ခြင်ကြဖို့ပါ။” ဟု
သတင်းရင်းမြစ်က ဆိုသည်။
.
ရိုးရာပွဲတော်တွင်
မီးပုံးပျံ လွှတ်တင်ပူဇော်ရာ၌ ညမီးကြီး ၊ စိန်နားပန် နှင့် နေ့လွှတ်အရုပ် ဟူ၍
အမျိုးမျိုး ရှိကာ ညမီးကြီး မီးပုံးပျံ အမျိုးအစားမှာ ယမ်းပိဿာချိန် များစွာ
အသုံးပြုရသည် ဖြစ်ပြီး မီးပုံးပျံများကို လနှင့်ချီ၍ ကြိုတင် ပြင်ဆင်မှုများလည်း
ပြုလုပ်ရကြောင်း သိရသည်။
.