.
စစ်ကိုင်းတိုင်း၊
ခင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက်အစောပိုင်းမှ စတင်၍ စစ်ကောင်စီတပ်
စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ပြည်သူ တစ်သောင်းခန့်
ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.
.စစ်ကောင်စီတပ်များသည်
ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၁ နာရီခန့်က သပိတ်ကျင်းမြို့နယ်ဘက်မှ မော်တော် ၅ စီးဖြင့်
ဝင်ရောက်လာပြီး မလယ်တွင် ၂ စီးကပ်၍ ၃ စီး စုန်ဆင်းလာကာ ဝါးကျေဆိပ်၊ သင်ပေါင်းကားဆိပ်များတွင်
ကပ်ခဲ့သဖြင့် ခင်ဦးအနောက်ဘက်ခြမ်းရှိ ကျေးရွာ ၆ ရွာခန့်မှ ပြည်သူ ၇၅၀၀ ခန့် ရွာလုံးကျွတ်
တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
.
ထို့အတူ ရေဦးဘက်မှလည်း
ဝင်ရောက်လာပြီး ရွာသစ်ကျေးရွာကို ဝင်မွှေကာ ပြည်သူ ၃ ဦးခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။
.
စစ်ကောင်စီတပ်၏ သပိတ်ကျင်းအခြေစိုက်
အမှတ် (၁၃) တန်းမြင့်လေးကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကို
မော်တော်များဖြင့် ကူးကာ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်း
သိရသည်။
.
အလားတူ အညာသီဟတော၊
ရွှေမင်းဂံ၊ သင်ပေါင်း၊ ကဘွက်၊ ကုတ္တက်၊ ရုံးပင်ကျေးရွာများမှ ပြည်သူများလည်း ရွာလုံးကျွတ်
ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည်
ရေဦး-ခင်ဦး လမ်းပိုင်းမှလည်း စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် ရွာသစ်ကျေးရွာကို
ဝင်ရောက်မွှေနှောက်နေကာ ရွာသားတချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
.
ခင်ဦးမြို့နယ်
အရှေ့ခြမ်းရှိ ရွာသစ်၊ မူးသာ၊ သက်ပေး ကျေးရွာများမှ ပြည်သူ ၃၅၀၀ ခန့်သည်လည်း
ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
.