.
တိုင်းရင်းသားပြည်သူများအပေါ် ကြီးမားစွာ ရိုက်ခတ် ဝန်ပိစေသော လက်နက်ကိုင်ပဋိပက္ခများ၊
တပ်သားသစ် စုဆောင်းရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး အခွန်အကောက် ပေါ်လစီများကို ပြန်လည်သုံးသပ်စဉ်းစား၍
လျှော့ချပေးရန် အလေးနက် တိုက်တွန်းကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
(ကျားဖြူပါတီ) က ယမန်နေ့ စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
.
ယခုကာလသည် နိုင်ငံတကာနှင့် ပြည်တွင်းမှ စီးပွားရေးနှင့် အကြောင်းအရာပေါင်းစုံ
ရိုက်ခတ်ထိုးနှက်မှုများကြောင့် လည်းကောင်း၊ COVID-19 ရောဂါကပ်ဘေးကြောင့်လည်းကောင်း
ပြည်သူတို့၏ လူမှုစီးပွားရေး ဆုတ်ယုတ်ကျဆင်းကာ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရကြောင်း၊
ပြည်တွင်းစီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုနှင့် အတူ လက်နက်ကိုင်ပဋိပက္ခများကြောင့်
တိုင်းရင်းသားပြည်သူ အများအပြားတို့သည် တိုင်းတစ်ပါးသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းထွက်ခွာ
အလုပ်လုပ်နေရပြီး ပြည်တွင်း၌ လယ်ယာစိုက်ပျိုးရေးလုပ်သား ရှားပါးမှု၊ တတ်သိပညာရှင်များ
ဦးနှောက်ယိုစိမ့်မှုတို့ကြောင့် နိုင်ငံ့စီးပွားရေး ပိုမိုကျဆင်းစေမည့်အပြင် အဖွဲ့အစည်းအသီးသီး၏
နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးသည်လည်း အလှမ်းဝေးနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
ထို့အတူ နိုင်ငံတကာတွင် မည့်သည့် နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေးအတွက်မဆို
နောက်ဆုံးတွင် နိုင်ငံရေးစာပွဲဝိုင်းဆွေးနွေးမှုဖြင့်သာ အဆုံးသတ်ကြရသည်ကို
လေ့လာတွေ့ရှိရကြောင်း၊ သို့ပါ၍ အဖွဲ့အစည်း အသီးသီးတို့၏ နိုင်ငံရေးရည်မှန်းချက်များ
အောင်မြင်ရေးအတွက် နိုင်ငံရေးစားပွဲဝိုင်းယဉ်ကျေးမှုကို ဦးစားပေး ဖေါ်ဆောင်ကြပါရန်
အလေးအနက် တိုက်တွန်း မေတ္တာရပ်ခံကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။
.