အမှန်တိုင်း ပြောရရင် ဒီတစ်နှစ်လည်း ကလေးတွေကို ကျောင်းထားဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဘာအကြောင်း၊ ညာအကြောင်းဆိုတာတွေ၊ စစ်ကျွန်ပညာရေး ဆိုတာတွေထက် မိသားစု စားဝတ်နေရေး အခြေအနေကြောင့်လို့ ဆိုရလိမ့်မယ်။
အိမ်မှာ မိသားစု ငါးယောက် ရှိတယ်။ အရွယ် မရောက်သေးတဲ့ ကလေး သုံးယောက် အပါအဝင် မိသားစု ငါးယောက်ရဲ့ နေ့စဉ်စားစရိတ်က မသေးဘူး ဆိုရမှာပေါ့။ အမျိုးသားက ပန်းရံ နေ့စား လိုက်တယ်။ ကျွန်မက ရပ်ကွက်ထဲက အိမ်တွေကို လိုက်ပြီး တိုလီမုတ်စ အကုန်လုပ်တာပေါ့။ အိမ်သန့်ရှင်းရေး လုပ်ရတာ ရှိတယ်။ အဝတ် လျှော်ပေးရတာ ရှိတယ်။ တချို့ အိမ်တွေမှာ ထမင်းဟင်း ချက်ပြုတ်ပေးရတာပေါ့။ နှစ်ယောက် ပေါင်းရတဲ့ ပိုက်ဆံက အိမ်လခနဲ့ စားစရိတ်တောင် အလျှင် မမီပါဘူး။
.
တောင်ကြီးမြို့ပေါ်က အခြေခံ လူတန်းစား မိသားစုဝင် အမျိုးသမီး တစ်ယောက်ရဲ့
ရင်ဖွင့်သံပါ။ အစစအရာရာ ခက်ခဲကျပ်တည်းနေတဲ့ အချိန်မှာ ကုန်ဈေးနှုန်း ရိုက်ခတ်မှု ဒဏ်က
ဘယ်မိသားစုကိုမှ မျက်နှာသာ မပေးခဲ့ပါဘူး။ ထိချက် နာတာက နဂိုဆင်းရဲပြီးသား အောက်ခြေ
လူတန်းစား မိသားစုဝင်တွေ။ နေ့စဉ် ရုန်းကန် လှုပ်ရှားနေရပေမယ့် ပြေလည်တယ်ဆိုတဲ့ အဆင့်ကို
တက်မလာနိုင်ပါဘူး။ လစဉ် ပေးရတဲ့ အိမ်လခ၊ နေ့စဉ်မိသားစုဝင်တွေရဲ့ စားသောက်စရိတ် နဲ့
မီတာခ၊ ရေဖိုး အထွေထွေကုန်ကျငွေ ဇယား ချလိုက်ရင် ငတ် မသေတာ ကံကောင်းနေတယ်လို့ ဆိုရမယ့်
အနေအထားမျိုး။ ဒီအချိန်မျိုးမှာ ကလေး သုံးယောက် ရဲ့ ကျောင်းစရိတ်က တနင့်တပိုး ဖြစ်လာခဲ့တယ်။
.
အခြေခံ လူတန်းစား မိသားစုဝင် ကလေးတစ်ယောက် ကျောင်းသွားပြီ ဆိုတာနဲ့
အနိမ့်ဆုံးအဆင့် မုန့်ဖိုး နှစ်ရာနဲ့ ငါးရာကြား ထည့်ပေးရတယ်။ အခု မသန်းမြ ကလေးသုံးယောက်လုံး
ကျောင်းတက်တော့ လုံးချာလည်ရုံတင် မဟုတ်ဘဲ ပတ်ချာကို ရမ်းနေတော့တာ။ မုန့်ဖိုးထည့် မပေးနိုင်ရင်
ကလေးတွေ မျက် နှာငယ်မှာ စိုးတာနဲ့ သုံးယောက်ပေါင်း တစ်ရက် တစ်ထောင်၊ အကြီးဆုံးက ၇ တန်း၊
အလတ်က ၅ တန်းနဲ့ အငယ်ဆုံးက သူငယ်တန်း မရှိတဲ့ ကြားက ကြံဖန်ပြီး ထည့်ပေးရတဲ့ မုန့်ဖိုး။
အဲဒီ မုန့်ဖိုးထက် ပို အရေးကြီးတာက ကလေး သုံးယောက် နေ့လယ်စာအတွက် ထမင်းဘူး။ အိမ်မှာ
ရှိတာနဲ့ ဖြစ်သလို ကျွေးလို့ရပေမယ့် ကျောင်း ထမင်းဘူးအတွက် အတော်ကြီး စဉ်းစားရတယ်။
.
ဘယ်လိုပဲ ခေါင်းပူအောင် စဉ်းစားပါစေ မပြေလည်ခြင်းတွေက ထမင်းဘူးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ကန်စွန်းရွက်ကြော် တစ်ရက်၊ ကြက်ဥကြော် တစ်လှည့်နဲ့ ပြီးတာ များပါတယ်။
.
တစ်ခါတလေ အလုပ် သွားလုပ်တဲ့ အိမ်တွေက အပိုအလျှံလေးတွေ ရှိလို့ ထည့်ပေးလိုက်ရင်တော့
ကလေးတွေ ထမင်းဘူးထဲ အသား၊ ငါးလေး မြင်ရတတ်တယ်။ ဒါလည်း ဝေးဝေးမှ တစ်ခါပါ။ ပုံမှန်အားဖြင့်တော့
ကလေးတွေရဲ့ နေ့လယ်စာ ထမင်းဘူးက အ ရွက်နဲ့ ကြက်ဥကြော် တစ်လှည့်စီ။ ရပ်ကွက်ထဲ အလှူအတန်း
များများလုပ်နိုင်ကြပါစေလို့ မသန်းမြ ဆုတောင်းတယ်။ အဲဒီလို ရက်မျိုးဆို ကလေးတွေ အသား
ငါး စားရတတ်လို့၊ တစ်ခါတလေ ထမင်းဘူးထဲ ဟင်း ကောင်းကောင်း ထည့်ပေးနိုင်လို့။
.
အခုနောက်ပိုင်း အခြေအနေ ပို ဆိုးလာတယ်လို့ ပြောရလိမ့်မယ်။ စားသောက်ကုန် ဈေးနှုန်းတွေက နေ့စဉ်လို တက်လာတယ်။ ဒီနေ့ ၂၀၀၀ နဲ့ ဝယ်ရတဲ့ ဆန်က နောက်တစ်ရက် ဈေးတက်။ ကြက်ဥ အပေါက်အကွဲတောင် အရင်လို ငါးရာဖိုး ဝယ်ဖို့ မလွယ်တော့ဘူး။ မီးဖိုချောင်သုံး ဆန်ဆီဆားပဲ ကြက်သွန် အာလူး အကုန်ဈေးတွေ ထိုးတက်လာနေတယ်။ ကုန်ဈေးနှုန်း တက်ပေမယ့် မိသားစုဝင်ငွေ တက်မလာတော့ ကလေး သုံးယောက်ရဲ့ နေ့လယ်စာ ထမင်းဘူးက မျက်နှာငယ်ရာကနေ မျက်နှာပျက်သလို ဖြစ်လာတယ်။
.
အရွက်နဲ့ ကြက်ဥကြော်ဘက်တောင် မလှည့်နိုင်လို့ မသန်းမြ အနေနဲ့ စိတ်မကောင်းဖြစ်ရုံက လွဲလို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။
.
တချို့ ရက်တွေ ကလေးတွေ ထမင်းဘူးအတွက် ဟင်းမရှိဘူး။ မီးဖိုချောင်မှာလည်း
ဟင်း ဖြစ်လာစရာ အသီးအရွက် အသား ငါး ရှိမနေတာမျိုး ကြုံရတယ်။ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံက
ငါးရာအောက်။ ခေါင်းပူအောင် စဉ်းစားရင်း ထမင်းဘူးအတွက် ထွက်လာတဲ့အဖြေက ငါးဆယ်တန် ရှူးရှဲလက်ဖက်ထုပ်။
သုံးယောက်စာအတွက် ရှူးရှဲလက်ဖက် သုံးထုပ် ဝယ်ပြီး
ထမင်းဘူးထဲ ထည့်ပေးလိုက်ရတယ်။ ဒီလိုနေ့မျိုးဆို သုံးယောက် တစ်ထောင်ပေးနေကျ မုန့်ဖိုးဆိုတာ
အဝေးကြီးမှာပေါ့။ ဘာမှ မပါတာနဲ့ စာရင် တစ်ခုခု ပါသွားတာ ဟုတ်နေပြီလို့ ဖြေသိမ့်ရတဲ့
အခြေအနေ။ ကုန်ဈေးနှုန်းရဲ့ အထုအထောင်းက ကလေးတွေ ရဲ့ ထမင်းဘူးကိုတောင် ဟင်း ပျောက်စေခဲ့တယ်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ကုန်ဈေးနှုန်းတွေ မတန်တဆ တက်လာခဲ့တယ်။ တစ်နိုင်ငံလုံး လက်ရည်တစ်ပြင်တည်း ခံရတယ်ဆိုပေမယ့် အထိ နာတာက နဂိုဆင်းရဲပြီးသား အောက်ခြေလူတန်းစားတွေပါ။ ပြည်သူတွေကြားမှာ ဒီလို ခြေအနေတွေ ကြုံတွေ့နေပေမယ့် စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ မတရားသိမ်းထားတဲ့ အာဏာ တည်မြဲရေးကိုသာ ဦးတည် လုပ်ကိုင်နေပါတယ်။ အဆိုးဆက်အနေနဲ့ ကျောင်းသွားတဲ့ ကလေးငယ်တွေရဲ့ ထမင်းဘူးထဲမှာ ဟင်းမပါတဲ့ နေ့စွဲတွေ ဖြစ်လာပါတယ်။
.
မသန်းမြ ကလေး သုံးယောက်လို ကျောင်းသွားချိန် ထမင်းဘူးထဲ ဟင်းမပါတဲ့ ကလေးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက် များနေမလဲ တွေးနေမိတယ်။ ပြီးတော့ သေနတ်သံ၊ ဗုံးသံတွေကြောင့် စာသင်ဖို့ဆိုတာ ဘာမှန်းမသိရတဲ့ ကလေးတွေ၊ နေစရာ အိမ် မရှိတော့တဲ့ ကလေးငယ်တွေ၊ အဖေ အမေခေါ်ခွင့် မရတဲ့ ကလေးတွေ၊ စာသင်နေတုန်း လေယာဉ်သံ ကြားပြီး စစ်သေနတ်ကျည် သင့်ပြီး လူ့ဘဝကို အစောကြီး စွန့်ခွာခဲ့ရတဲ့ ကလေးတွေ နေရာမှာ ကိုယ့်ကလေးတွေဆိုရင် ဘယ်လို လုပ်မလဲလို့ ဆက် တွေးမိလာပြီး ….. ။
.