စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများက မဲဆောက်မြို့၌ ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း အကြမ်းဖက်လူသတ်မှု ဖြစ်စဉ်ကို နိုင်ငံတကာမှ အရေးယူပေးရန် ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကာ ဆန္ဒပြမှုကို မြန်မာလူထုအသံလှုပ်ရှားမှုအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများပါ ပါဝင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
လက်ယက်ကုန်းကျေးရွာ၌ ဒေသခံပြည်သူများ ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့် အပြင် မြေပြင်မှလည်း စီးနင်းဝင်ရောက်၍ ပစ်ခတ် ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ရာ စာသင်နေသော ကလေးငယ် ၇ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရ ကျောင်းသား/သူများနှင့် ဆရာ စုစုပေါင်း ၂၀ ဦးကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။