မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သဲဖြူချောင်း ဂိတ်အနီး၌ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၂၇) ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၁) ကွပ်ကဲမှုအောက်ရှိ ခမရ (၁)၊ ခမရ (၂)၊ ခမရ (၈)၊ ခမရ (၁၀၂)တပ်များနှင့် KNLA တပ်ရင်း (၂၇) ၊ကော်ဘရာစစ်ကြောင်းတို့ နေ့လယ် ၁ နာရီခွဲခန့်မှ ညနေ ၄ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်၊ ကျဆုံး အရေအတွက်အား အတိအကျ အတည်မပြုနိုင်သေးဘဲ ကော်ဘရာစစ်ကြောင်းမှ စစ်သည် ၂ ဦး ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း က ဆိုသည်။
.
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်ကလည်း မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီး၌ စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
.