မိုးဗြဲမြို့တွင်းသို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် တာဝေးပစ် လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ပြီးနောက် မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်လာစဉ် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ (၁၁၀၇) တပ်ရင်း၊ ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF စသည့် မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ တိုက်ပွဲအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ၂ ဦး ကျဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက် ကျဆုံးမှုများ ရှိကာ အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း မိုးဗြဲ PDF ၏ ထုတ်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ်သည် စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိသည်ဟုလည်း မိုးဗြဲ PDF က ဆိုသည်။
.
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက် တင်းမာလျှက်ရှိနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော နေရာတွင် နေထိုင်ပေးကြရန်နှင့် ခရီးသွား ပြည်သူများအနေဖြင့် မိုးဗြဲလမ်းကို အသုံး မပြုကြသေးရန် မိုးဗြဲ PDF က အသိပေးထားသည်။