ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၌
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ နေအိမ်
အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) သတင်းနှင့်
ပြန်ကြားရေးဗျူရို က ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင်
ထုတ်ပြန်သည်။
.
“ ယမန်နေ့ည တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ အကြမ်းဖက် စစ်ကောင်စီ
လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပွဲကုန်း (၁)၊ (၂)၊ (၃) ရပ်ကွက် နေအိမ်အလုံး
၄၀ ထက်မနည်း လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲ ပြင်းထန်မှုကြောင့်
နေအိမ် အလုံး ၁၀၀ ထက်မနည်း ပျက်စီးနေပြီ။” ဟု PKPF က ဆိုသည်။
.
ယနေ့ (စက်တင်ဘာလ ၁၂ ရက်) တိုက်ပွဲ ၅ ရက်မြောက် အခြေအနေ
ရှိနေပြီး စစ်ကောင်စီတပ်များသည် ဘုရားကျောင်း၌ တပ်စွဲနေသဖြင့် ပြည်သူများ
မိုးဗြဲ - ဖယ်ခုံလမ်းအား အသွားအလာ မပြုလုပ်သေးရန်ကိုလည်း PKPF က မေတ္တာရပ်ခံထားသည်။
.
မိုးဗြဲမြို့၊ ပွဲကုန်း (၃)ရပ်ကွက်၊ ဘုရားကျောင်းဝန်းအနီး၌ စက်တင်ဘာလ
၁၁ ရက်တွင် စစ်ကောင်စီတပ်နှင့် KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊
KRU ၊ URF တို့ ပါဝင်သည့် ပူးပေါင်း၍တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ
၂၀ ဦးကျော် သေဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း
သိရသည်။
.