ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲ၌ စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးခန့် သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) ၊ တပ်ရင်း(၅) က ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်သည်။
.
KNDF တပ်ရင်း(၅)နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်တွင် သေးဆူးလဲ၌ ကင်းထောက်နေစဉ် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း KNDF တပ်ရင်း(၅)၏ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးခန့် သေဆုံးခဲ့ကြောင်းနှင့် KRU ကလည်းလက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
.
စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး ၂ ကြိမ်ခန့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် အထိအခိုက် မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။