ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြိုနယ်နှင့် ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့နယ်များ၌ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN)၏ ယနေ့ စက်တင်ဘာ၂၈ ရက်တွင် ထုတ်ပြန်သည့် စက်တင်ဘာလ ၁၂ ရက်မှ ၂၅ ရက်ထိ ကရင်နီပြည်၏ အခြေအနေ အကျဉ်းချုပ် တင်ပြချက်အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
အဆိုပါ သေဆုံး၊ ဒဏ်ရာရသူ ပြည်သူများမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းကြောင့် ဖြစ်သည်ဟု အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ အရပ်သား ပြည်သူ ၂၇၈ ဦး သေဆုံးခဲ့ရပြီး ၂၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ၂၀၂၁၁၅ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းနှင့် လူနေအိမ် ၈၃၀ လုံး ပျက်စီးခဲ့သည်ဟု KCSN ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။