ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက် ပြောင်း ဈေးကောင်းရသော်လည်း စိုက်ပျိုးစရိတ် ကြီးမြင့်မှု အခြေအနေကြောင့် ပြောင်းစိုက်တောင်သူများ တွက်ခြေမကိုက်ဘဲ ဖြစ်နေကြောင်း သိရသည်။
.
ပြောင်းအခြောက် တစ်ပိဿာလျှင် ပွဲရုံစျေး ၉၀၀ ကျပ်ခန့်ထိ ရှိပြီး ကျေးရွာအရောက် လာရောက် ဝယ်ယူသည့် ပွဲစားများကမူ ၈၀၀ ကျပ်ခန့်ထိ ပေးဝယ်နေသော်လည်း ပြောင်းမျိုး၊ မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ လုပ်အားခ စသည့် စိုက်ပျိုးစရိတ်မှာ ယခင်နှစ်ကထက် နှစ်ဆကျော်ခန့် မြင့်တက်လာသည့်အတွက် တောင်သူများအနေဖြင့် တွက်ချေမကိုက်ဘဲ အရှုံးပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
" ပြောင်းစျေး နည်းနည်း တက်တယ် ဆိုပေမယ့် တောင်သူတွေအနေနဲ့က တွက်ခြေ မကိုက်ဘူးပေါ့။ စိုက်ပျိုး ကုန်ကျစရိတ် များတာရယ်၊ လုပ်အားခ ပေးရတာတွေ ပြန်တွက်ရင် အရှုံးပေါ်တာတောင် ရှိတယ် " ဟု ပြောင်းစိုက်တောင်သူ တစ်ဦးက ပြောသည်။
.
လတ်တလော နိုင်ငံရေး အခြေအနေနှင့် စစ်အာဏာသိမ်းမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေခြင်း အပြင် ပြည်သူ့စစ်အဖွဲ့များ၏ ရန်ပုံငွေ၊ အလှူငွေ အကြောင်းပြ တောင်းခံသည့် ဆက်ကြေးငွေ များကြောင့် ကျေးလက်နေပြည်သူများ ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရပြီး လူငယ်များမှာ နေရပ်စွန့်ခွာ၍ ပြည်ပသို့ ထွက်ခွာမှု များလာနေကြောင်း သိရသည်။