.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် ကုန်စုံဆိုင်များအပါအဝင် ဈေးဆိုင်ခန်းများတွင်
မကြာခဏ ဖောက်ထွင်းခိုးယူခံရမှုများ ဖြစ်ပွားနေသော်လည်း ကျူးလွန်သူတရားခံများအား ဖမ်းဆီးခြင်းမရှိကြောင်း
ဒေသခံများထံက သိရသည်။
.
.ဖောက်ထွင်းခိုးယူသူများသည်
ယခုနောက်ပိုင်း လမ်းမဘေးဆိုင်ခန်းများအပြင် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများ ကိုပါ
ဖောက်ထွင်းခိုးယူမှု ပြုလုပ်လာ နေကြောင်းသိရသည်။
.
“အခုနောက်ပိုင်း လမ်းဘေးဈေးဆိုင်ခန်းတွေအပြင်
ရပ်ကွက်ထဲက ဆိုင်အငယ်လေးတွေကိုပါ ဖောက်ပြီး ခိုးလာတာပေါ့။ ကွမ်းယာဆိုင်ပါ
မကျန်အောင် ခိုးနေကြတော့ ရပ်ကွက်ထဲမှာ တော်တော်ကိုဂရုစိုက်နေရတယ်” ဟု တောင်ကြီးမြို့ပေါ် နေထိုင်သူတစ်ဦးက
ပြောသည်။
.
ဖောက်ထွင်းခိုးယူသူများသည်
နေ့လယ်နေ့ခင်း အချိန်များတွင် အုပ်စုဖွဲ့သွားလာ၍ ဈေးဆိုင်ခန်းများအား လေ့လာ ထားပြီး
ည ၁၂ နာရီနှင့် နံနက် ၄ နာရီကြားအချိန်အတွင်း အများဆုံး ကျူးလွန် လေ့ရှိကြောင်း သိရသည်။
.
ဈေးဆိုင်ခန်း ဖောက်ထွင်းသူများသည်
မိုဘိုင်းလ်ဖုန်းကဲ့သို့ ပြန်လည်ရောင်းချရ လွယ်ကူသော ပစ္စည်းရောင်းချသည့် ဈေးဆိုင်များကို
အဓိက ဖောက်ထွင်းခိုးယူလေ့ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း မရှိသည့်
အတွက် ခိုးယူမှုများ နေ့စဉ် ပိုမိုများပြားလာနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
.