ကျိုင်းတုံ - တောင်ကြီးသွား ပြည်ထောင်စုလမ်း မိုင်တိုင်အမှတ် (၅၈၁) အနီး၌ စက်တင်ဘာလ ၂၃ ရက်၊ ညပိုင်းတွင် မော်တော်ယာဉ် ၃ စီး ဓါးပြတိုက်ခံရကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်များမှာ ကျိုင်းတုံမှ တောင်ကြီးသို့ မောင်းနှင်လာသည့် မော်တော်ယာဉ်များ ဖြစ်ကာ တုံတာမြို့ အရှေ့ဘက် ၃ မိုင်ခန့် အကွာ မိုင်တိုင်အမှတ် (၅၈၁) အနီးတွင် ယင်းကဲ့သို့ ဓါးပြတိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
" ည ၁၀ နာရီလောက်မှာ ဖြစ်တာ။ ရွှေဥဒေါင်း ယာဉ်လိုင်းက အန်ဇာတုံး ၁ စီး၊ ပရိုဘောက် ၁ စီးနဲ့ ဝစ်ရှ် ၁ စီးလို့ သိရတယ်ဗျ။ ခရီးသည်တွေဝောာ့ ဘာမှ မဖြစ်ဘူး၊ ငွေနဲ့ ဖုန်းတော့ ပါသွားတယ်တဲ့ဗျ။" ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
တူမီးနှင့် ဓါးများ ကိုင်ဆောင်ထားသည့် အမျိုးသား ၇ ဦးက မော်တော်ယာဉ်များအား တားဆီးရပ်တန့်စေပြီးနောက် ဓါးပြတိုက်ခဲ့ခြင်း ဖြစ်ပြီး ငွေကျပ် ၂၉ သိန်းနှင့် လက်ကိုင်ဖုန်း ၉ လုံးအား ယူဆောင်သွားကြောင်း ၎င်းထံမှ သိရသည်။
.
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း၌ လောင်းကစားဝိုင်းများအား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားခြင်းနှင့်အတူ စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် ဒုစရိုက်မှုများ ပိုမို များပြားလာနေကြောင်း သိရသည်။