.
တောင်ကြီးမြို့တွင်း အများပြည်သူ အသုံးပြုနေသည့် လမ်းအများစု ပျက်စီးနေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ရှမ်းအစိုးရက ပြင်ဆင်ပေးနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
.
တောင်ကြီးမြို့ပေါ်တွင် အရပ်သားအစိုးရလက်ထက်က
ခင်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်ခုသာ ကောင်းမွန်ပြီး မြို့တွင်းရှိ
လမ်းအများစုမှာ အချို့နေရာများတွင် သွားလာရခက်ခဲသည်အထိ ပျက်စီးမှုများ ဖြစ်ပေါ် နေကြောင်းသိရသည်။
.
“မြို့ပေါ်ရပ်ကွက်တွေထဲက လမ်းတော်တော်များများ ပျက်စီးနေတာပေါ့။
ချိုင့်တွေ ခွက်တွေနဲ့ သွားလာရတာ အဆင်မပြေတော့ဘူး။ ရပ်ကွက်တွင်းလမ်းတွေဆို ရပ်ကွက်တိုင်းလိုလို
ပျက်နေတာများတယ်။ လမ်းပြင်ပေးမယ့် အစိုးရလည်း မရှိတော့ ဒီအတိုင်းပဲ အဆင်ပြေသလို သွားနေရတာပေါ့” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း ပျက်စီးနေသည့်
လမ်းများအား ပြင်ဆင်ပေးနိုင်သည့် အစိုးရမရှိသည့်အတွက် အချို့နေရာများတွင် ပြည်သူလူထုမှ
ကိုယ်ထူကိုယ်ထ ပြုပြင်နေရကြောင်းသိရသည်။
.
တောင်ကြီးမြို့၏ အဓိကလမ်းမများဖြစ်သည့် အရှေ့/အနောက် မြို့ပတ်လမ်းများလည်း လမ်းသားပျက်စီးမှုများ ဖြစ်ပေါ်နေပြီး အဆင့်
မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိဘဲ လမ်းပေါက်များ ဖာထေးခြင်းသာ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
.