ရှမ်း‌တောင်ရှိ လောင်းကစားဝိုင်းများ အကြောင်း မီဒီယာများတွင် ဖော်ပြပြီးနောက် ပိုမို စည်ကားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်း‌တောင်ရှိ လောင်းကစားဝိုင်းများ အကြောင်း မီဒီယာများတွင် ဖော်ပြပြီးနောက် ပိုမို စည်ကားလာ

ရှမ်းပြည်နယ်တောင်ပိုင်း၌ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု သတင်းမီဒီယာများက ရေးသား ဖော်ပြပြီးနောက် လောင်းကစားသူများဖြင့် ပိုမို စည်ကားလာသည်ဟု သိရသည်။

.



တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် အများစုတွင် တရားမဝင် လောင်းကစားဝိုင်းများကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးက လာဘ်ငွေ ရယူကာ ဖွင့်လှစ် ဆောင်ရွက်ခွင့် ပြုထားခြင်းကြောင့် ခိုး၊ ဆိုး၊ နှိုက်မှု များပြားလာခြင်းကို သတင်းမီဒီယာ အသီးသီးက ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

.

“ ဂျင်ဝိုင်းက လိုင်းပေါ် တင်မှ ပို စည်ကားလာတယ်။ ကြော်ငြာပေးတာတော့ မဟုတ်ပါဘူးနော်။ ခု ပုလဲ (ညောင်ရွှေမြို့နယ်) ထဲမှာ ကောင်းမှ ကောင်းပဲ၊ လာလည်ပါဦး။ ရွှေညောင်- ညောင်ရွှေကြားက Denko ဆီပန့် နောက်ကြော လယ်ကွက်ထဲမှာ။ တန်ဆောင်တိုင်တောင် သူ့လောက် မစည်ကားဘူး။ ကိုမိုးကျော်တို့ လုပ်တဲ့ ဝိုင်းလေ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများက ၎င်းတို့၏ ဝင်ငွေ (လာဘ်ငွေ) လျော့နည်းမည်ကို စိုးရိမ်၍ တားမြစ်ခြင်း မပြုခြင်း ဖြစ်သည့် အပြင် ၎င်းတို့ အထက် တာဝန်ရှိသူများကလည်း ပြည်သူများ နိုင်ငံရေးကို စိတ်မဝင်စားစေရန် တမင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ လွတ်လပ်သော သတင်းမီဒီယာများ၏ ဖော်ပြချက်များမှာ မှားယွင်းသည်ဟူသော စစ်ကောင်စီ၏ မူဝါဒကို အဓမ္မ အကောင်ထည် ဖော်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

.

“ ဒီဝိုင်းတွေက သိန်း ရာနဲ့ ချီပြီး ရတာ။ အဲဒါကြောင့် ဒီတိုင်းလွှတ်ထားတာ။ အပေါ်ကလည်း ပြည်သူတွေ နိုင်ငံရေး စိတ်မဝင်စားရင် ပြီးရောပဲ၊ မသိချင်ယောင် ဆောင်နေတာပေါ့။ ပို့ဆွမ်း (လာဘ်ငွေပေး) လေးတော့ ပို့ရတာပေါ့။ နောက်တစ်ချက်က မီဒီယာတွေ သတင်းက အမှားဆိုတဲ့ မူကို မြေပြင်မှာ အမှန်တကယ် ‌အကောင်အထည် ဖော်နေတာ။ မှန်လည်း မှား၊ မှားလည်း မှား။ ဇွတ်ကို မှားခိုင်းတာပေါ့။” ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

ပြည်နယ် မြို့တော် ဖြစ်ပြီး အစိုးရရုံး၊ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်ရဲရုံးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ တောင်ကြီးမြို့တွင်ပင် လောင်းကစားဝိုင်း ၂၀ ခုထက် မနည်း ရှိနေရာ ယင်းလောင်းကစား ဝိုင်းများကြောင့်ပင် ခိုးမှု၊ လုယက်မှုများ၊ ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေလျက် ရှိပြီး ဖော်ထုတ် အရေးနိုင်ခြင်း မရှိကြောင်း သိရသည်။

ဆန္ဒပြပွဲအား အကြမ်းဖက် ဖြိုခွဲမှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်သားများ


Journal Download

Photo of three cats