.
တောင်လေးလုံးအကျဉ်းထောင်၌
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် အေးသာယာမြို့နေ တက်ကြွလှုပ်ရှားသူ SSPDF ၏ နာယကတစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦးသည်
ယနေ့ စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် ထောင်တွင်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
ဦးအောင်ဇော်ဦးသည် ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးရသည်ဟု သိရသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်များက
ဦးအောင်ဇော်ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး CRPH/NUG နှင့်
ချိတ်ဆက်၍ SSPDF/TPDF အဖွဲ့
ဖွဲ့စည်းခြင်း၊ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းထံ သင်တန်းသား စေလွှတ်ခြင်း၊
ရိက္ခာများထောက်ပံ့ခြင်း၊ CDM ဝန်ထမ်းများအား စီစစ်ရေးကော်မတီ ဖွဲ့စည်းပြီး CRPH/NUG ၏ အကူညီဖြင့် ငွေကြေးများထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်ဟုဆိုကာ
ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခြင်း ဖြစ်သည်။
.
ဦးအောင်ဇော်ဦးသည်
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင်လည်း ပါဝင်ခဲ့မှုကြောင့် အင်းစိန် အကျဉ်းထောင်တွင်
ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။
.