.
BBC Media Action အစီအစဉ် တင်ဆက်သူ သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီ၏ အင်စိန်ထောင်တွင်း
အထူးတရားရုံးက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ထောင် ၃ နှစ်နှင့် ဒဏ်ငွေ ၁
သောင်း ကျခံစေရန် စက်တင်ဘာ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
.
မထက်ထက်ခိုင်ကို
ဗဟန်းမြို့နယ်တွင် တရားစွဲထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့်
အလုပ်နှင့်ထောင် ၃ နှစ် ကျခံစေရန် စက်တင်ဘာ ၁၅ ရက်က အမိန့်ချထားပြီး
ဖြစ်သောကြောင့် ယခု မင်္ဂလာတောင်ညွမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် အမှုဖြင့် ထောင်ဒဏ်
၃ နှစ် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည်။
.
မထက်ထက်ခိုင်ကို ပြီးခဲ့သည့်
၂၀၂၁ ဩဂုတ် ၁၅ ရက် ညပိုင်းက ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာ၌ စစ်ကောင်စီ
တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
.
စစ်တပ် အာဏာသိမ်းပြီးနောက်
သတင်းသမားများ ဖမ်းဆီးခံရမှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာ၌ ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပြီး
ယနေ့အချိန်ထိ မထက်ထက်ခိုင် အပါအဝင် သတင်းထောက်ဦးရေ ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၆၀
ကျော်မှာ အကျဉ်းထောင်များအတွင်း ချုပ်နှောင်ခံနေရဆဲ ဖြစ်ကာ ဖမ်းဆီးခံရသည့်
သတင်းသမားများအနက် ၄ ဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။
.