တောင်ကြီးမြို့တွင် လုပ်ငန်းရှင် လင်မယား ဖမ်းဆီးခံရပြီး‌နောက် မြို့ခံသူဌေးများ စိုးရိမ်မှု မြင့်တက်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် လုပ်ငန်းရှင် လင်မယား ဖမ်းဆီးခံရပြီး‌နောက် မြို့ခံသူဌေးများ စိုးရိမ်မှု မြင့်တက်လာ

တောင်ကြီးမြို့၌ ပြီးခဲ့သည့် ရက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင် လင်မယား နှစ်ဦး စစ်ကောင်စီအဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် မြို့ပေါ်မှ သူဌေးများလည်း စိုးရိမ့်ကြောင့်ကြမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။
.



စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တောင်ကြီးမြို့၊ အထက (၈) တိုက်တန်းရှိ စိန်မြင့်မိုရ်ဆိုင်နှင့် ရတနာသီရိရပ်ကွက်ရှိ ယင်းဆိုင်ပိုင်ရှင်၏ နေအိမ်ကိုပါ ဩဂုတ်လ ၂၈ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်ရှာဖွေ စစ်ဆေးပြီးနောက် ဆိုင်ရှင် လင်မယား ၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
.
ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသော်လည်း ယင်းမိသားစုမှာ နိုင်ငံရေးကို စိတ်မဝင်စားသူများ ဖြစ်၍ တမင် အကြောင်းပြ ဖမ်းဆီးခြင်းသာ ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
.
" စီးပွားရေးသမား အချင်းချင်း ချောက်ချခံရတာ ဖြစ်မယ်။ ချောက်ချခံရတာလည်း ဖြစ်နိုင်တယ်။ သူတို့က နိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ မြို့ပေါ်သူဌေးတွေ အကုန် သိကြတယ်။ အကုန်လုံးကို စစ်ကောင်စီက Alarm ပေးလိုက်တာ။ ငါတို့ မကြည်ရင် မင်းတို့လည်း အဖမ်းခံရမယ် ဆိုတာမျိုးပေါ့။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ နိုင်ငံရေးကို စိတ်မဝင်စားသူ လုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် မြို့ခံ လုပ်ငန်းရှင်များပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေမှုအပေါ် ဆန္ဒပြပွဲတွင် ပါဝင်မှုကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသဖြင့် လွတ်မြောက်နယ်မြေ တစ်ခုသို့ ရောက်နေသူ လူငယ် တစ်ဦးကမူ မဆိုင်သလို နေတဲ့ ရလဒ်ဟု မှတ်ချက်ပြုသည်။
.
" မဆိုင်သလို နေကြတဲ့ ရလဒ်ပဲ။ တစ်နိုင်ငံလုံးမှာ အဖိနှိပ်ခံနေရတာ တောင်ကြီးက ပထမဆုံး မဟုတ်ဘူးဆိုရင်တောင် ထိပ်တန်းစာရင်းတော့ ဝင်တယ်။ ဒါက အရှိတရားနော်။ စစ်တပ်တွေ အများကြီး ရှိတာ၊ ဘာညာတွေက ဆင်ခြေတွေ။ ပြောချင်တာက လက်နက်ကိုင်ပြီး တိုက်ဖို့ ပြောတာ မဟုတ်ဘူး။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နည်းလမ်းတွေ အများကြီးရယ်၊ တစ်ခုမှ မလုပ်ဘူး ငြိမ်နေကြတာ။ အဲဒီလို ငြိမ်တော့ တစ်ဘက်ကလည်း ပို ဖိတာပေါ့။ " ဟု ဆိုသည်။
.
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များသည် မြို့ပေါ်နေ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တော်လှန်ရေးအင်အားစုများအား ထောက်ပံ့သည်ဆိုကာ ငွေညှစ်လေ့ရှိသည်ဟုလည်း သိရသည်။
.
" ကျွန်တော့် ဖုန်းနံပါတ်ကို သူတို့က သိတယ်။ လုပ်ငန်းသုံး ဖုန်းဆိုတော့ ငွေအဝင်/အထွက်က ရှိနေတာပဲ။ ဘာကိစ္စ ညာကိစ္စ၊ ဘယ်သူ ဘယ်ဝါဆိုတာမျိုး မှတ်ထားတာ မရှိဘူး။ မှတ်လည်း မမှတ်မိဘူး။ ဒါကို သူတို့ list မှာ ခင်ဗျား နံပါတ်ပါတယ်၊ ချိတ်ပိတ် ခံရလိမ့်မယ် ပြောတာ။ အဲတော့ ကိုယ်ကလည်း စာရင်းက ပယ်ဖို့ တောင်းပန်ရတာပေါ့။ အဲမှာ အာရကေ (လာဘ်ငွေ) ပေးရတော့တာပဲ။ " ဟု တောင်ကြီးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့သည် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နှင့် မတ်လအတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် သိန်းနှင့်ချီ၍ ပါဝင်ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီ၏ ဖိနှိပ် အကြမ်းဖက်ဖြိုခွင်းမှုများ အပြီးတွင် ငြိမ်သက်သွားခဲ့ပြီးနောက် တော်လှန်လူငယ်အချို့သာ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats