ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဥ်များပေါ်တွင် ၂/ ၅/ ၈/ မှတ်ပုံတင် ကိုင်ဆောင်သည့် ခရီးသည်များ ပါရှိလျှင်လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌ အခြားသူများထက် ပိုမို အရစ်ခံနေရကြောင်း သိရသည်။
.
ကယား(ကရင်နီ) ပြည်နယ် မှတ်ပုံတင် ၂/ ၊ စစ်ကိုင်းတိုင်း မှတ်ပုံတင် ၅/ နှင့် မကွေးတိုင်း မှတ်ပုံတင် ၈/ ကိုင်ဆောင်သူ ခရီးသည်များကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိုမို စစ်ဆေးကာ အပြစ်မရှိ အပြစ်ရှာ ရစ်နေခြင်း ဖြစ်သည်ဟု သိရသည်။
.
" ကားပေါ်မှာ ၂/ ၅/ ၈/ ပါလာရင် တအားကို အရစ်ခံရတာ။ ဂိတ်မှာ စစ်နေရင်လည်း တော်တော်နဲ့ မပြီးတော့ဘူး။ ကျွန်တော့် ကားပေါ်မှာ မကွေးက ကောင်လေး တစ်ယောက် ပါလာတာနဲ့ စစ်နေတာ တစ်နာရီလောက် ကြာတယ်။ နိုင်ငံသားချင်း အတူတူ ခွဲခြားတာ။ ကိုယ့်နိုင်ငံထဲ ကိုယ် လွတ်လွတ်လပ်လပ် မသွားရဘူး၊ တမင်ရစ်နေတာ။" ဟု ခရီးသည်တင် ယာဥ်မောင်း တစ်ဦးက ပြောသည်။
.
ထို့အတူ စစ်ဆေးရေးဂိတ်များအား ဖြတ်သန်းရာတွင်လည်း ဂိတ်ကြေးဟု ဆိုသည့် လာဘ်ငွေ ပေးဆောင်မှသာ အသာတကြည် ဖြတ်သန်းခွင့် ပြုသည့်အတွက်ယာဥ်မောင်းများ အနေဖြင့် ငွေကြေး ပိုမို ကုန်ကျနေ ရပြီး အချို့သော ခရီးစဥ်များတွင် အုံနာကြေး ပေးနိုင်ရန်ပင် အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု ဆိုသည်။
.
တောင်ကြီး - တာချီလိတ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် စစ်ဆေးရေးဂိတ် များစွာ ရှိနေရာ ဂိတ်တိုင်းတွင် လာဘ်ငွေပေးဆောင်နေရကြောင်းနှင့် မြို့ငယ် တစ်ခု ဖြစ်သည့် မိုင်းပွန်ဂိတ်တွင်ပင် မှတ်ပုံတင် စစ်ဆေးမှု တင်းကြပ်နေပြီး ငွေကြေး အများအပြား ပေးဆောင်နေရကြောင်း ယာဥ်မောင်းများထံမှ သိရသည်။