တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင် အချို့၌ ယခုရက်ပိုင်း အတွင်း အုပ်စုဖွဲ့ ခိုးယူခံရမှုများ ရှိနေသည်ဟု သိရသည်။
.
အဆိုပါ အုပ်စုဖွဲ့ ခိုးယူသူများသည် ဈေးဝယ်ဟန်ဆောင်၍ တစ်ဘက်လှည့်ဖြင့် အလစ်သုပ် ခိုးယူသည့်နည်းကို အသုံးပြုကာ ခိုးယူခြင်း ဖြစ်၍ ဆိုင်ဝန်ထမ်း နည်းပါးသော ဆိုင်များတွင် ခိုးယူခံရမှု များကြောင်း သိရသည်။
.
" နေခင်းဘက်ကို ၁/၂ ယောက်လောက်က ဟိုမေး၊ ဒီမေးနဲ့ အဝယ် ပြပြီး ကျန်တဲ့သူတွေက ခိုးတာ။ တစ်ဆိုင်ကို အနည်းဆုံး ၅ ယောက်လောက် ဝင်ပြီး ခိုးကြတာ။ ခေါက်ဆွဲခြောက်လိုမျိုး ကုန်ခြောက်တွေကို အဓိက ထား ခိုးကြတာ။ လောင်းကစားဝိုင်းတွေ များလာတာနဲ့ ခိုးဆိုးနှိုက်တွေ များလာတာကြောင့် ခုလိုတွေ ဖြစ်လာတာ။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များအနက် ညောင်ဖြူစခန်းနှင့် ပြည်တော်သာရပ်ကွက်ရှိ ဆိုင် အများစုတွင် ခိုးယူခံရမှု အများဆုံး ဖြစ်နေပြီး ကျန် ရပ်ကွက်များတွင်လည်း အနည်းငယ် ဖြစ်ပေါ်သည်ဟု ၎င်းက ဆိုသည်။
.
ယင်းကဲ့သို့ ခိုးယူခံရမှု အခြေအနေကို CCTV မှတ်တမ်းများအရ ပြန်လည် သိရှိရသော်လည်း အခြေအနေအရ အမှုဖွင့် တိုင်ကြားခြင်း မပြုဘဲ ထပ်မံ ခိုးယူခံရမှု မရှိစေရေးအတွက်သာ ဆောင်ရွက်ထားသည်ဟု သိရသည်။
.
" ရဲကို မတိုင်ဘူး။ ဒီကောင်တွေက ဘယ်ဖမ်းမှာလဲ။ တိုင်တဲ့သူပဲ မောမှာပေါ့။ ဆိုင်ကယ်လို၊ ကားလိုဟာတွေတောင် မရတာ၊ ကုန်ပစ္စည်းလောက်ကတော့ လှည့်ကြည့်မှာ မဟုတ်ဘူး။ ကိုယ့်ဆိုင် လုံခြုံရေး ကိုယ်ပဲ ပို ဂရုစိုက်ရတာပေါ့။ တခြားဆိုင်ရှင်တွေလည်း သိပြီး သတိထားစေချင်တာမျိုးပါ။ " ဟု ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင်လည်း ယင်းကဲ့သို့ အုပ်စုဖွဲ့ ခိုးယူခံရမှုများ ရှိနေပြီး ဖမ်းဆီး အရေးယူနိုင်သည့် အခြေအနေ မရှိကြောင်းလည်း သိရသည်။