.
.
လက်နက်မဲ့ ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးသည်။ ဖမ်းဆီးလိုသူ မတွေ့လျှင် သက်ကြီးရွယ်အို မိဘများနှင့် လူမမယ် ကလေးသူငယ်များပါမချန် ဖမ်းဆီးပြသည်။ လက်ရှိ အာဏာသိမ်း စစ်တပ်သည် သူပုန် ဓါးပြလောက်ပင် အဆင့် အတန်းမရှိသည့် လက်နက်ကိုင် လူရမ်းကားအဖွဲ့အစည်းတစ်ခု ဖြစ်လာနေသည်။
.
[ ယမ်းငွေ့မပြေ ]
.
အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းတွင် သေနတ်ကျည် ၁၃ ချက် ထိမှန်ခဲ့သည်။ ဗိုလ်ချုပ် အပါအဝင်
အာဇာနည်ခေါင်ဆောင် ၉ ဦး ကျဆုံးခဲ့ရသည်။ ယင်းကျည်ဆံများ၏ ယမ်းငွေ့သည် ယနေ့
နှစ်ပေါင်း ၇၅ နှစ် ကျော် လာသည့်တိုင်အောင် ယမ်းခိုးမပျယ်သေးချေ။
.
၇၅ နှစ်အတွင်း လက်နက်ကိုင်/လက်နက်မကိုင်
(အပစ်မဲ့ပြည်သူ) အများအပြား ကျည်ဆန်တွေကြောင့် သေဆုံးခဲ့ကြ ရသလို သေဆုံးနေကြရဆဲလည်း
ဖြစ်သည်။
.
[ လွတ်လပ်ရေးကျိန်စာ ]
.
လွတ်လပ်ရေး ရယူပြီး လပိုင်းအတွင်းမှာပင်
မြန်မာပြည်တွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ စစ်အာဏာရှင်
များက “ရောင်စုံသူပုန် သောင်းကျန်းသူများ” ဟု အမည်တပ်ခဲ့ သော်လည်း နိုင်ငံရေး
မပြေလည်မှုများမှ စတင်သည့် ယင်းအကြိတ်အခဲသည် အသွင် အမျိုးမျိုး
ပြောင်းသွားသော်လည်း ယနေ့ခေတ်အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်။
.
[ အာဏာရှင် သန္ဓေဆိုး ]
.
ဖက်ဒရယ်အရေးကို တိုင်းပြည်ဖြိုခွဲမည့်အကြံဟု
သမုတ်၍ စစ်အာဏာရှင်လမ်းပြ ခေါင်းဆောင်ကြီး ဗိုလ်နေဝင်း ၁၉၆၂ တွင် အာဏာသိမ်းခဲ့သည်။
ထိုစဉ်က ကမ္ဘာတစ်ခြမ်းတွင် ခေတ်စားနေသော ဆိုရှယ်လစ်စနစ်ကို အခြေပြု၍ ငါ၊
ငါ့မိသားစု၊ ငါးဆွေမျိုးသားချင်း၊ ငါ့မိတ်ဆွေ ကြီးပွားရေးအတွက်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တီထွင်ကာ အာရှကျား မြန်မာ့ပြည်ကို အာရှနွား ဖြစ်အောင်
စစ်ခေါင်းဆောင်များ ပြုလုပ်ခဲ့ကြသည်။
.
တိုးတက်၍ နိုင်ငံတကာအမြင်ရှိသော ပညာတတ်
ကျောင်းသားများကို ဦးစွာ ဖိနှိပ်ခဲ့သည်။ သမိုင်းဝင် သမဂ္ဂအဆောက် အဦကြီးကို
ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ၍ သမဂ္ဂ၏ သမိုင်းကို အဆုံးသတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် သမဂ္ဂကြီး မရှိ တော့သော်လည်း ကျောင်းသားလူငယ်တို့၏စိတ်ဝယ် သမဂ္ဂစိတ်များ
အပြည့်အဝ ရှိခဲ့ကြသလို လက်ဆင့်ကမ်းခဲ့ကြဆဲ လည်းဖြစ်သည်။ ယနေ့ချိန်အထိလည်း
လက်ဆင့်ကမ်းနေကြဆဲလည်း ဖြစ်သည်။
.
[ အာဏာရှင်ကြီး၏ နိဂုံး ]
.
သေနတ်ပြ အာဏာသိမ်း၊
ပြည်သူ့ပိုင်ဆိုင်မှုကိုသိမ်း၍ ဓါးမိုး၊ သေနတ်မိုး အူပ်ချုပ်ရုံမှ လွဲ၍
ဘာမှမတတ်စွမ်းသော အာဏာရှင်ကြီး ဗိုလ်ရှုမောင် ခေါ် ဦးနေဝင်းသည် ၁၉၈၈ ခုနှစ်တွင်
တိုင်းပြည်အာဏာကိုစွန့်၍ ၎င်း၏ တပည့် တပန်း များကိုသာ အာဏာလွှဲအပ်ပေးခဲ့ရသည်။
မယားအများအပြားယူပြီး တစ်သက်လုံး ခမ်းခမ်းနားနား နေလိုခဲ့သော ဗိုလ် နေဝင်းသည်
၎င်း၏ သေဆုံးချိန်တွင်မတော့ ခမ်းခမ်းနားနား သေဆုံးနိုင်ခဲ့ခြင်းမရှိဘဲ လူမသိ၊
သူမသိ တိတ်တိတ် ဆိတ်ဆိတ် သင်္ဂြိုဟ်ခဲ့ရသလို သူသေဆုံးပြီး မကြာခင်အချိန်တွင်မှာပင်
သူ၏ လက်ရုံးတော် ဗိုလ်ခင်ညွန့်နှင့် ထောက် လှမ်းရေးအပေါင်းအပါများက သူ၏
သားနှင့်မြေများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အင်းစိန်တောရ ပို့ခဲ့ပြန်သည်။
.
မြန်မာပြည် အာဏာရှင်ကြီး၏ နိဂုံးကား
အာဏာရှင်အချင်းချင်း စားခွက်လုရင်းဖြင့် နိဂုံးချုပ်ခဲ့ရသည်။ သို့သော် သူခိုး လက်က
သူဝှက်လု၊ ငကန်းသေ ငစွေပေါ် ဆိုသကဲ့သို့ သူထက်သူကဲသော အာဏာရှင်များသာ
မြန်မာမြေတွင် အုပ်စိုး ခဲ့သည်။
.
[ စစ်တန်းလျားပြန်ပါမယ်ဆိုလို့
အာဏာသိမ်းခံရတဲ့ ဗိုလ်ချုပ်ကြီး ]
.
ရွေးကောက်ပွဲကြီးပြီးလျှင်
စစ်တန်းလျားပြန်ပါမည်ဆိုသော စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောမောင်ကား ၎င်း၏
လက်ထောက် ဒုစစ်ခေါင်းဆောင် (ဒုကာချုပ်) ဗိုလ်သန်းရွှေ၏ တပ်တွင်း
စစ်အာဏာသိမ်းမှုကို ခံစားခဲ့ရသည်။ ၎င်း၏ ဇာတ်သိမ်းသည်လည်း မလှပခဲ့ချေ။
.
[ နိုင်ငံတကာကို လှည့်စားတတ်တဲ့
စစ်ဗိုလ်ချုပ်တွေ ]
.
၂၀၁၀ ရွေးကောက်ပွဲဖြင့် ဗိုလ်သန်းရွှေက ၎င်း၏
လူယုံတော် ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတ အဖြစ် (ဘယ်သူ
ရွေးရွေး မရွေးရွေး ငါရွေးကာ) အယောင်ဆောင် အဝတ်လဲ (ဗိုလ်ချုပ်များတစ်ဖြစ်လဲ)
လွှတ်တော်ဖြင့် ခန့်အပ်ကာ အနားယူခဲ့သည်။
.
(ဗိုလ်) ဦးသိန်းစိန် လက်ထက်တွင်
ဖြေလျှော့မှုများ အထိုက်အလျောက် ပြုလုပ်လာခဲ့သည်။ သတင်းမီဒီယာများကို
ဖြေလျှော့ပေးခဲ့သည်။ မီဒီယာများ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့သည်။
.
[ ဘာသာရေးကို နိုင်ငံရေးအကျိုးအမြတ်အတွက်
အသုံးချလိုတဲ့ စစ်အာဏာရှင်များ ]
.
အခြားတစ်ဘက်တွင်ကား ကချင်၊ ရခိုင်ပြည်နယ်နှင့်
ရှမ်းမြောက်ဒေသတို့၌ တစ်ကျော့ပြန်စစ်ပွဲများ ဖြစ်ပွားလာသည်။ အထူး အားဖြင့်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော လူမျိုးရေး၊ ဘာသာရေး မီးပွားတစ်စမှတစ်ဆင့်
မိတ္ထီလာ အပါအဝင် မြို့ရွာ ဒေသအချို့တွင် ဘာသာရေးပဋိပက္ခများ
ဖြစ်ပေါ်လာရသည်။ ယင်းကိစ္စကို အကြောင်းပြု၍ ဘာသာရေး အစွန်းရောက်များကို
မွေးထုတ်ကာ ပဋိပက္ခသန္ဓေကို စစ်ဗိုလ်ချုပ်များက အချိန်ယူ
မွေးမြူပြုစုပျိုးထောင်ခဲ့ကြသည်။
.
[ မနာလို မရှုစိမ့် ]
.
၂၀၁၅ ခုနှစ်
ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
သည် ပြည်သူလူထု တစ်ရပ်လုံး၏ ရင်ထဲမှလာသော ထောက်ခံဆန္ဒမဲများဖြင့်
အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်။
.
စစ်အုပ်စု၏ မနာလို မရှုစိမ့်ဖြစ်နေသော
အမုန်းတရားများက ထိုအချိန်မှာပင် ပိုပြီး ထင်ရှားလာခဲ့ရသည်။ NLD အစိုးရ၏ သာသနာရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ သူရ ဦးအောင်ကို ကို
ဦးစွာတိုက်ခိုက်ခဲ့ကြသည်။ ဝန်ကြီး သူရဦးအောင်ကို ကို ဆန့်ကျင်ဆန္ဒပြမှုများ
ပြုလုပ်ခဲ့ကြသည်။ တစ်ဖန် မျိုးချစ်အမည်ခံများက NLD ကို
အမျိုးမျိုး သမုတ်ပြီး ထင်တိုင်းကြဲ လုပ်ချင်ရာ လုပ်ခဲ့ကြသည်။
.
အများသိကြသော ၂၀၂၀ ပြည့်နှစ်
အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြန်သည်။ ရွေးကောက်ပွဲရလဒ်များကိုလည်း တရားဝင် ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ကြေညာခဲ့ပြီးဖြစ်သည်။
.
[ လူကို ခွေးဆွဲလေသောနေ့ ]
.
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတင်ကျင်းပမည့်နေ့ ဖြစ်သည်။ ယင်းနေ့ နံနက်
အရုဏ်တက်အချိန်မှာပင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
ဝန်ကြီးများကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
.
တစ်ချိန်တည်းမှာပင် ပြည်သူလူထု
ရွေးချယ်တင်မြှောက်ထားသော NLD အပါအဝင် အခြားပါတီများမှ
လွှတ်တော် ကိုယ်စားလှယ်များကိုလည်း လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့်
နေပြည်တော် စည်ပင် ဧည့်ရိပ်သာအတွင်း၌ပင် ထိန်းချုပ်လိုက်သည်။
.
မြန်မာနိုင်ငံ၏
ဒီမိုကရေစီရေးကြိုးပမ်းမှုများကား ယင်းနေ့တွင်ပင် လမ်းဆုံးခဲ့ပြီဖြစ်သည်။
ပြည်သူလူထု ရွေးချယ် တင်မြှောက်ထားသော ခေါင်းဆောင်များကို ဖမ်းဆီးသည်။ နိုင်ငံတော်
အာဏာကို မတရားနည်းဖြင့် ရယူသည်။ ရှေးယခင် စစ်အာဏာရှင် များနည်းတူ
ဗိုလ်မင်းအောင်လှိုင်သည်လည်း ကျပ်မကြည့်စွာပင် ယင်းကဲ့သို့ လုပ်ဆောင်
လိုက်ခြင်းပင်ဖြစ်သည်။
.
[ ခေါင်းကိုချိန်ပစ်မယ်၊ သေရဲတဲ့ကောင်
ထွက်ခဲ့ ]
.
စစ်ခေါင်းဆောင် မင်းအောင်လှိုင်
အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး အပါအဝင် ရှမ်းပြည်နယ်ရှိ မြို့ရွာများနှင့်
ဒေသ အားလုံးလိုလိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ စတင်ပေါ်ပေါက်လာသည်။
အာဏာရှင်နှင့် ၎င်းတို့ ၏ လက်ပါးစေများကလည်း လက်မရွံ့ အာဏာရှင်နောက်လိုက်
တပ်သားများပီပီ လက်နက်မဲ့ ဆန္ဒပြနေသော လူငယ် များကို သေစေရန် တမင်ရည်ရွယ်၍
ခေါင်းများကို ချိန်ရွယ်ပစ်ခတ်ခဲ့သည်။ နေပြည်တော်တွင် ကျဆုံးခဲ့ရသည့်
အမျိုးသမီးငယ်တစ်ဦးမှာ အားလုံးအသိပင်ဖြစ်သည်။
.
ရမ်းကားနေသော အာဏာရှင်လက်ပါးစေ
စစ်ကောင်စီတပ်သားများက လမ်းမများတွင် အော်ဟစ်ဆဲဆို စိန်ခေါ်၍ သေရဲတဲ့ကောင် ထွက်ခဲ့
ဟု လက်နက်မဲ့ ပြည်သူများကို စိန်ခေါ် ခြိမ်းခြောက်ခဲ့သည်။ ယင်းတို့၏
ခြိမ်းခြောက်မှုများက ယနေ့ ပြည်သူ့တော်လှန်ခုခံစစ် ဆင်နွှဲရေး ပေါ်ပေါက်လာခြင်း၏
အဓိက အကြောင်းအချင်းများဟု ဆိုချင်ပါသည်။
.
လက်နက်မဲ့ ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးသည်။
ဖမ်းဆီးလိုသူ မတွေ့လျှင် သက်ကြီးရွယ်အို မိဘများနှင့် လူမမယ် ကလေးသူငယ်များပါမချန်
ဖမ်းဆီးပြသည်။ လက်ရှိ အာဏာသိမ်း စစ်တပ်သည် သူပုန် ဓါးပြလောက်ပင် အဆင့်
အတန်းမရှိသည့် လက်နက်ကိုင် လူရမ်းကားအဖွဲ့အစည်းတစ်ခု ဖြစ်လာနေသည်။
.
သို့သော် ခေါင်းဆောင်များက ယင်းအခြေအနေကို
ထိန်းသိမ်းမည် မဟုတ်ချေ။ အကြောက်တရား လွှမ်းမိုးပြီး ဓါးမိုး အုပ်ချုပ်ရန်သာ
စဉ်းစားနေသော ဦးနှောက်မဲ့ စစ်ခေါင်းဆောင်များကမူ ထိုအခြေအနေများကို သဘောကျနေမည်သာ
ဖြစ်ပါသည်။
.
[ ဖက်ဆစ်ဂျပန်ထက်ဆိုးတဲ့ ဖက်ဆစ် စစ်အာဏာရှင်
]
.
တစ်ချိန်က ဖက်ဆစ်ဂျပန် လက်အောက်တွင်
မြန်မာပြည်သူများ အတုံးအရုန်း ခံစားခဲ့ရဖူးသည်။ ယခုတစ်ဖန် ဖက်ဆစ် ဂျပန်ထက်ဆိုးသော
ဖက်ဆစ် ဗမာစစ်တပ်အောက်တွင် မြန်မာပြည်သူများ လုံးပါး ပါးနေကြသည်။ မနိုင်မှန်း သိသော်လည်း
မောင်းပြန်ရိုင်ဖယ်ကို တူမီးဖြင့် ယှဉ်ပစ်၍ ဒေသကို ကာကွယ်နေကြသည်။ စက်သေနတ် ကျည်
အပြည့်ထည့်ပစ်ခတ်နေသော စစ်ရဟတ်ယာဉ်၊ ဂျက်လေယာဉ်များကို သေနတ်ဖြင့် ကာကွယ်နေကြသည်။
.
ကမ္ဘာကြီးကတော့ ရှုစိမ့်နေသည်။ အထူးသဖြင့်
ကမ္ဘာသူ ကမ္ဘာသားများအတွက် အကာအကွယ်ပေးမည့် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အစည်းကြီးနှင့်
ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ဖြင့် အစည်းအဝေး ထိုင်နေကြသည်။
.
တိုင်ရင်းသား ၁၃၅ မျိုး (ထိုထက်မက) ကတော့ဖြင့်
မိမိမြေကို ခုခံကာကွယ်ရင်း အသက်တွေဆုံးရှုံးရင်းဖြင့် ဒီမိုကရေစီ နှင့်
လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပြင် စစ်အာဏာရှင်ကို
တော်လှန်နေလျက်ရှိပါကြောင်း ကမ္ဘာကြီးကို အသိပေးအပ်ပါသည်။ ။
.