.
တောင်ကြီးမြို့ပေါ်ရှိ
လမ်းဘေးပလက်ဖောင်းများတွင် တပ်ဆင်ထားသည့် ရေမြောင်းဖုံး သံပန်းများ မကြာခဏ
ခိုးယူခံနေရကြောင်းသိရသည်။
.
.ယမန်နေ့ ဩဂုတ်လ ၃၁
ရက် ညပိုင်းအချိန်က တောင်ကြီးမြို့ အထက (၁) ကျောင်းမြောက်ဘက်၊ စိန့်ဂျိုးဇက်
ဘုရားကျောင်းရှေ့ရှိ ရေမြောင်းဖုံးသံပန်းများအား ခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး
အဆိုပါနေရာအနီးရှိ ရေမြောင်းဖုံး သံပန်း အများစုမှာလည်း ခိုးယူခံခဲ့ရသည့်အတွက်
သစ်သားများဖြင့် အစားထိုး တပ်ဆင်ထားရကြောင်း သိရသည်။
.
“မနေ့ညက
ညနက်ပိုင်းအချိန်လောက်မှာ လာခိုးသွားကြတာပါ။ ဘုရားကျောင်းရှေ့ ပလက်ဖောင်းမှာ
တပ်ထားတဲ့ ရေမြောင်းအဖုံးသံပန်းတွေ ပါသွားပါတယ်။ ဒီလမ်းတစ်လျှောက်မှာရှိတဲ့
ရေမြောင်းဖုံး သံပန်းတွေ တော်တော် များများလည်း မရှိတော့ပါဘူး။ စာသင်ကျောင်းရှိနေတဲ့အတွက်
ကလေးတွေ အန္တရယ်များလို့ အဖုံးသံပန်းတွေ ပြန်တပ်ပေးရင်ကောင်းပါတယ်” ဟု
အဆိုပါနေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
.
ယင်း အထက(၁)
အနီးရှိ နေရာအပြင် တောင်ကြီးမြို့ ပေါ်ရှိ အရှေ့မြို့ပတ်လမ်း၊
အနောက်မြို့ပတ်လမ်းနှင့် အခြားလမ်းမများရှိ ပလက်ဖောင်းရေမြောင်းအဖုံးများလည်း
ခိုးယူခံနေရပြီး ပြန်လည်ပြုပြင် တပ်ဆင်ခြင်း မရှိသည့်အတွက် လမ်းသွားလမ်းလာများ
ဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
တောင်ကြီးမြို့တွင်
ယင်း ပလက်ဖောင်း ရေမြောင်းများအပြင် ပြည်သူများ၏ နေအိမ်၊ ဆိုင်ခန်းများအတွင်းမှ
ငွေသားဖုန်းနှင့် အခြားအဖိုးတန်ပစ္စည်းများ ခိုးယူခံရမှုမကြာခဏ ဖြစ်ပွားနေပြီး
စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးရမိမမရှိသည့်အတွက် ဒုစရိုက်မှုများ
ပိုမိုများပြားလာနေကြောင်း ဒေသခံများထံက သိရသည်။
.