.
ကရင်နီ (ကယား) ပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း(မ်)သတင်းဌာန၏ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု
လက်မှတ်ကို ဩဂုတ်လ ၂၉ ရက်မှ စတင်၍ ရုတ်သိမ်းကြောင်း စစ်ကောင်စီ၏ သတင်းစာများက ယနေ့
စက်တင်ဘာလ ၃ ရက်တွင် ကြေညာထားသည်ဟု သိရသည်။
.
.
ကန္တရဝတီတိုင်း(မ်) သတင်းဌာနမှ ရေးသားထုတ်ဝေလျက်ရှိသော သတင်းအကြောင်းအရာများသည်
ဥပဒေ၊ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် ယင်းကဲ့သို့ ရုတ်သိမ်းခြင်းဖြစ်ကြောင်း
စစ်ကောင်စီက ထုတ်ပြန်ထားသည်။
.
ကန္တရဝတီတိုင်း(မ်) သတင်းဌာနသည် ၂၀၀၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
နယ်စပ်ဒေသတွင် အခြေစိုက်၍ သတင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၂၀၁၂ ခုနှစ်၊ သမ္မတဦးသိန်းစိန်လက်ထက်တွင်
ပြန်ကြားရေးဝန်ကြီးဌာနထံမှ တရားဝင် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားပြီး
သတင်း ရေးသားထုတ်လွှင့်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီမှ ရုတ်သိမ်းကြောင်း ကြေညာခဲ့သည့် အဆိုပါ ထုတ်ဝေခွင့်လက်မှတ်သည်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကတည်းက သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ထပ်မံ သက်တမ်းတိုးထားခြင်းမရှိကြောင်း
ကန္တရဝတီတိုင်း(မ်) သတင်းဌာနက ထုတ်ပြန်ထားသည်။
.
ကန္တရဝတီတိုင်း(မ်) သတင်းဌာနသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်
ကရင်နီပြည်နယ်အတွင်း ဖြစ်ပျက် နေသည့် သတင်းအကြောင်းအရာများကို အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့်
စဉ်ဆက်မပြတ် သတင်းရေးသား တင်ဆက်လျက်ရှိသော သတင်းဌာနတစ်ခုဖြစ်သည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ
Myanmar Now၊ DVB၊ ခေတ်သစ်မီဒီယာ၊ Mizzima၊ 7Day၊ ရှမ်းပြည်အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ၊
ကချင်ပြည်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media များကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းလိုက်ကြောင်း ကြေညာထားခဲ့ပြီး
ယခုအခါ ထပ်မံ၍ ကန္တရဝတီတိုင်း(မ်) သတင်းဌာန၏ သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို ပိတ်သိမ်းကြောင်း
ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
.