တောင်ကြီးတွင် ဖုန်းအရောင်းဆိုင်နှင့် လူနေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု နေ့စဉ်ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဖုန်းအရောင်းဆိုင်နှင့် လူနေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု နေ့စဉ်ဖြစ်ပေါ်နေ

.

တောင်ကြီးမြို့တွင် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များနှင့် လူနေအိမ် ဖောက်ထွင်းခိုးယူခံရမှုများ နေ့စည် ဖြစ်ပေါ်နေပြီး ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ညပိုင်းကလည်း အနောက်မြို့ပတ်လမ်း၊ ရဲဘော်ဈေးအနီးရှိ City Call ဖုန်းအရောင်း ဆိုင် ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ မကြာခဏ စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံနေရမှု မကြာခဏ ဖြစ်ပွားနေသည့်အတွက် မြို့တော်လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“အခုနောက်ပိုင်း လမ်းဘေးနားကဆိုင်တွေအပြင် ရပ်ကွက်ထဲက အိမ်တွေပါ လူနည်းနည်း လစ်တာနဲ့ ဖောက်ပြီး အခိုးခံနေရတာပေါ့။ ငွေဖြစ်လွယ်တဲ့ပစ္စည်းမှန်သမျှ အကုန်ခိုးနေတာလေ။ သူခိုးတွေ ဖမ်းမိတယ်လို့လည်း တစ်ခါမှ မကြားတော့ ကိုယ့်ဘာသာ ဂရုစိုက်တာ အကောင်းဆုံးပဲ” ဟု တောင်ကြီးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

.

လွန်ခဲ့သည့် ရက်ပိုင်းကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) အတွင်းရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ငွေသားနှင့် ပစ္စည်း တန်ဖိုး စုစုပေါင်း ၃ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကာ အလားတူ ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခိုးယူခံရမှုတွင်လည်း ငွေကျပ် သိန်း ၂၀ ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများ၊ နေအိမ်များ မကြာခဏ ဖောက်ထွင်းခိုးယူခံရမှုများ ဖြစ်ပေါ်နေသော်လည်း ကျူးလွန်သူများ အားဖမ်းဆီးရမိခြင်းမရှိသည့်အတွက် အတင့်ရဲစွာ ကျူးလွန်နေခြင်းဖြစ်ကြောင်း မြို့ပေါ်နေ ပြည်သူများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats