.
တောင်ကြီးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့်
ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ စသည့်ကုန်စည်များ အာလုံး နေ့စဉ်နှင့်အမျှ ဈေးနှုန်းမြင့်တက်လာနေကြောင်း သိရသည်။
.
.ပြီးခဲ့သည့် လများက ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၅၀၀ ကျပ်ခန့်ရှိခဲ့ရာမှ
ယခုရက်ပိုင်းတွင် ၁၅၀၀ ကျပ်ခန့်အထိ ဈေးတက်သွားပြီး
ကြက်သွန်နီ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်၊ အလတ်စားကြက်ဥ
၁၀ လုံးလျှင် ၃၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး
အခြားမီးဖိုချောင်သုံးပစ္စည်းများအားလုံး ဈေးကြီးပေးဝယ်နေရကြောင်း
ဒေသခံများထံက သိရသည်။
.
“စားသောက်ကုန်တွေ အကုန်လုံးကို ဈေးတက်နေတာပေါ့။ အခုရက်ပိုင်းဆို ကော်ဖီမစ် အထုတ်သေး တစ်ထုတ်တောင် ၂၅၀/၃၀၀
အထိ ပေးဝယ်နေရတယ်။ ဒီပုံအတိုင်းဆို ကြာရင် ကော်ဖီမစ်တောင် သောက်ဖို့မလွယ်တော့ဘူး” ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။
.
စားသောက်ကုန် လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေသည့်
ဈေးသည်များအနေဖြင့်လည်း ကုန်စည်များ ဝယ်ယူရာတွင် ဈေးနှုန်းမြင့်များ ပေးဝယ်နေရပြီး နေ့စဉ် စျေးနှုန်းအပြောင်းအလဲများ
ရှိနေသည့်အတွက် ပြန်လည် ရောင်းချရာတွင် အခက်အခဲဖြစ်ပေါ်နေရကြောင်း
သိရသည်။
.
“အခု ပြန်ရောင်းဖို့ ပစ္စည်းတွေဝယ်ရင် နေ့တိုင်းကို
ဈေးအမြင့်နဲ့ ပေးဝယ်နေရတာပေါ့။ ဒီနေ့ ၁၀၀၀ အရင်းရှိတဲ့ ပစ္စည်းက
နောက်ရက်ဆိုရင် ၁၂၀၀ လောက်အထိ ပေးဝယ်နေရတော့ တစ်ဆင့်ပြန်ရောင်းရတဲ့အချိန် ခက်လာတယ်။
တချို့ဆိုင်တွေဆို အရင်းများပြီး အရှုံးပေါ်တာမျိုးရှိလို့ ယာယီပိတ်ထားတာတွေရှိတယ်” ဟု စားသောက်ကုန် ရောင်းချသူတစ်ဦးက ပြောသည်။
.
အခြေခံစားသောက်ကုန် ဈေးနှုန်းများနေ့စဉ်
မြင့်တက်နေသော်လည်း စစ်ကောင်စီအနေဖြင့် ထိန်းချုပ်နိုင်ခြင်းမရှိသည့်
အတွက် ပြည်သူများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.