သီတင်းကျွတ်အချိန်အခါ
နီးကပ်လာသော်လည်း တောင်ကြီးမြို့ပေါ်ရှိ တောင်ကြီးမြို့ရိုးရာ အပျော်လွှတ် မီးပုံးပျံလုပ်ငန်းနှင့်
မြန်မာ့ရိုးရာ ရောင်စုံမီးပုံးလုပ်ငန်းများ အရောင်းအဝယ် ပါးနေကြောင်းသိရသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
တောင်ကြီးမြို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် မီးပုံးပျံပြိုင်ပွဲ ပြုလုပ်နိုင်ခြင်း
မရှိတော့ဘဲ အပျော်လွှတ်မီးပုံးပျံလုပ်ငန်းများလည်း အရောင်းအဝယ်မရှိသလောက် ကျဆင်းသွား
ကြောင်းသိရသည်။
.
“ပုံမှန်အတိုင်းဆိုရင်
ဒီလိုအချိန်ဆို အပျော်လွှတ် မီးပုံးပျံတွေ ရောင်းနေရပြီ။ မြို့ပေါ်ရောင်းအားနဲ့
နယ်ဝယ်လက် တွေရှိတော့ အဆင်ပြေခဲ့တာပေါ့။ အခုကျတော့ နယ်ဝယ်လက်လည်း မရှိ မြို့ပေါ်လည်း
မရောင်းရတော့ ကြာရင် ဒီလုပ်ငန်း ပျောက်သွားမှာတောင်စိုးရိမ်ရတယ်” ဟု
အပျော်လွှတ်မီးပုံးပျံလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ရိုးရာမီးပုံးပျံများ အရောင်းကျဆင်းနေသည့်အပြင် မြန်မာ့ရိုးရာ
ရောင်စုံမီးပုံးလုပ်ငန်းများလည်း ဝယ်ယူသူမရှိ သလောက်ဖြစ်နေသည့်အတွက် မီးပုံးလုပ်ငန်း
လုပ်ကိုင်သူအများစုလည်း လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။
.
“အခုနောက်ပိုင်း မီးပုံးတွေက
ဝယ်တဲ့လူ တော်တော်ပါးသွားတယ်။ တရုတ်ကသွင်းတဲ့ ရောင်စုံမီးတွဲတွေ ဝယ်လူများတော့ စက္ကူနဲ့လုပ်ထားတဲ့
ရိုးရာမီးပုံးတွေ ဝယ်သူမရှိသလောက် ဖြစ်သွားတာပေါ့” ဟု ရောင်စုံမီးပုံး လုပ်ကိုင်သူ
တစ်ဦးကပြောသည်။
.
COVID-19 ရောဂါ
နှင့် နိုင်ငံရေးအခြေအနေများကြောင့် တောင်ကြီးမြို့ ရိုးရာ မီးပုံးပျံပြိုင်ပွဲ ပြုလုပ်နိုင်ခြင်း
မရှိတော့သည့်အပြင် မြို့ပေါ်ရှိအပျော်လွှတ်မီးပုံးပျံလုပ်ငန်းများလည်း ကျဆင်းလာနေကြောင်းသိရသည်။