ရှမ်းပြည်နယ်တောင်ပိုင်း၌ ဒေသတွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် အမြင့်ဆုံးဈေး ၁၅၀၀ ကျပ်ဖြင့် စံချိန်တင် ဈေးနှုန်း ရရှိလာသည့်အတွက် တောင်သူများ အဆင်ပြေလာသော်လည်း စားသုံးသူများ အတွက်မူ အခက်တွေ့နေသည်ဟု သိရသည်။
.
ယခင်က ဂေါ်ဖီထုပ် တစ်ထုပ်လျှင်
၄၀၀ ကျပ်သာ ဈေး ရှိခဲ့သော်လည်း ယခုတွင် အောင်ပန်းထိ သွားရောက် ရောင်းချပါက ၁၅၀၀ ကျပ်ထိ
ရရှိပြီး ခြံသို့ လာဝယ်သူများက ၁၃၀၀ ကျပ်ထိ ပေးနေကြောင်းနှင့် ဈေး၌ လက်လီရောင်းသူများမှာ
၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ ရောင်းနေကြောင်း သိရသည်။
.
“ အရင် ဂေါ်ဖီထုပ် တစ်လုံးကို
အများဆုံး ၈၀၀ ကျပ်လောက်ပဲ ရောင်းရတယ်။ ၁၀၀၀ အထိတောင် တစ်ခါမှ မရောင်းဖူးဘူး။ အဲ့ဒါတောင်
ခြံ အပြတ် ရောင်းတာပေါ့နော်။ အခုက ခြံ အပြတ် ရောင်းတာတောင် တစ်လုံးကို ၁၃၀၀ ကျပ် ရောင်းရပြီး
အပင်ကလည်း အရမ်း မကြီးသေးဘူး မွေးထားလို့ ရသေးတယ်။”ဟု နောင်တရားမှ ဂေါ်ဖီထုတ် စိုက်ပျိုးသူ
တစ်ဦးက ပြောသည်။
.
တစ်ဘက်တွင်လည်း ယင်းကဲ့သို့
စံချိန်တင် ဂေါ်ဖီထုပ်ဈေးကြောင့် ဝယ်ယူ စားသုံးသူများမှာ အခက်တွေ့နေရသည်ဟု ဆိုသည်။
.
“ တောင်သူတွေအတွက်တော့
ဝမ်းသာပါတယ်။ ဒါပေမဲ့ ဝယ် စားရတဲ့သူတွေက အခက် တွေ့ရတာပေါ့။ အရာရာ ဈေး ကြီးနေတဲ့ ခေတ်ပျက်ကြီးမှာ
အသီးအရွက်ကိုတောင် နပ်မှန်အောင် မစားရတော့မယ် ပုံစံမျိုး ဖြစ်နေပြီ။ တောင်ကြီးမြို့ပေါ်မှာကို
တစ်ထုပ်ကို ၁၀၀၀ ကနေ ၁၅၀၀ ထိ ဈေး ရှိနေတာ။ အရင်ကထက်စာရင် ၇၀၀ လောက် တက်သွားတာ ထင်တယ်။”
ဟု တောင်ကြီးဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
.
ဒေသ ထွက်ကုန်များအနက်
အဓိက ထွက်ကုန်တစ်ခုဖြစ်သော ဂေါ်ဖီထုပ် စျေးနူန်းမှာ ယခင် ကာလတူနှစ်များတွင် ၁၀၀ ကျပ်မှ
၂၀၀ ကျပ်ခန့်သာ ဈေး ရှိသဖြင့် ရောင်းချပါက အရင်းအနှီး ပြန် မရနိုင်သည့်အတွက် ခုတ်ထွင်
ရှင်းလင်းရသည်ထိ ဖြစ်ပေါ်ခဲ့ဖူးသည်။
.