ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ လေ့ကေ့ကော်မြို့သစ်၊ ရပ်ကွက်(၆) ၌ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ (စက်တင်ဘာ ၁၁ ရက်) ညပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
နယ်မြေကျူးကျော်ရန် ကြိုးစားနေသော
စစ်ကောင်စီ တပ်ဖွဲ့နှင့် ည ၈ နာရီ ခွဲခန့်မှ
၁၀ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း
ကော်ဘရာစစ်ကြောင်း က ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ
ထိခိုက်၊ သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက် အတိအကျအား စီစစ်၊ စုံစမ်းလျက်ရှိပါသဖြင့်
အတည်မပြုနိုင်သေးဟုလည်း ဆိုသည်။
.
မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ
ကျော်ဝါးဘိုးကုန်းတွင် အခြေပြုထားသော စစ်ကောင်စီတပ်ဖွဲ့မှ (၁၂၀) မမ လက်နက်ကြီးများဖြင့်
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့အား
ယနေ့ နံနက် ၁ နာရီခန့်မှ ၃ နာရီခန့်ထိ လည်းကောင်း၊ နံနက် ၉ နာရီခန့်မှ ၁၁ နာရီခွဲခန့်
ထိ လည်းကောင်း ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
.