မြန်မာ့အရေး နည်းလမ်းသစ်ဖြင့် ဖြေရှင်းရန် အာဆီယံကို တိုက်တွန်းမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ့အရေး နည်းလမ်းသစ်ဖြင့် ဖြေရှင်းရန် အာဆီယံကို တိုက်တွန်းမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

.

မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ ဘုံသဘောတူညီချက်များ အမှန်တကယ် အလုပ်ဖြစ်၊ မဖြစ် ပြန်လည်သုံးသပ် ရန်နှင့် နည်းလမ်းသစ်ဖြင့် ဖြေရှင်းရန် အာဆီယံကို တိုက်တွန်းသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

UN အစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးသည် စက်တင်ဘာလ ၁၉ ရက်က NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

လာမည့် စက်တင်ဘာလ ၂၂ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော တွေ့ဆုံရန် စီစဉ် ထားပြီး မြန်မာ့အရေး အချက် ၃ ချက်ကို အလေးထားပြောဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

.

“စစ်ကောင်စီကနေတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံက ပေးနေတာကို ပြန်လည်သုံးသပ်ဖို့၊ အကူအညီတွေကို လွတ်လပ်တဲ့ NGO အဖွဲ့တွေကနေတစ်ဆင့် ကူညီပေးဖို့ တိုက်တွန်းပါမယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေဟာ အလုပ်ဖြစ်သေးသလားဆိုတာ အလေး အနက်ထား သုံးသပ်ရပါမယ်။ နိုဝင်ဘာလ အာဆီယံ အစည်းအဝေးတွေ ပြန်ကျင်းပတဲ့အခါ ဒီကိစ္စကို မေးခွန်း လေးလေးနက်နက် ထုတ်ရပါမယ်” ဟု ဆိုင်ဖူဒင် အဗ္ဗဒူလာ က ပြောသည်။

.

ကုလသမဂ္ဂညီလာခံတွင် မလေးရှားဝန်ကြီးချုပ် တက်ရောက်မိန့်ခွန်းပြောကြားရာတွင်လည်း မြန်မာ့အရေးကို ထည့်သွင်းပြောဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

.

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးများအဖွဲ့သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပြင် အမေရိကန်အစိုးရ အပါအဝင် အခြား အဖွဲ့အစည်းများနှင့်လည်း အလွတ်သဘော တွေ့ဆုံသွားရန် ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats