တောင်ကြီးမြို့မှ တိုက်ကွမ်ဒိုဆရာမ မနှင်းကေ နှင့် အမျိုးသမီး ၃ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ လဆန်းပိုင်းတွင် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
.
အဆိုပါ အမျိုးသမီး ၄ ဦးသည် ၂၀၂၁
ခုနှစ်၊ မေလတွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏
ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်ပြီး ယခုလ (စက်တင်ဘာလ) ပထမပတ် အတွင်းက ထောင်ဒဏ် ၄
နှစ်စီ ကျခံစေရန် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။
.
“ တစ်နှစ်ကျော် အကြာမှာ အမိန့်ချလိုက်တာပေါ့။
မတရား အဖမ်းခံရတာ၊ မတရား အမိန့်ချမှတ်တာလို့ပဲ ပြောချင်ပါတယ်။ အဓိက ပြောချင်တာက
ကျွန်တော်တို့ တောင်ပိုင်းရှမ်းပြည်မှာ နေ့စဉ်နဲ့ အမျှ မနှင်းကေတို့လို မတရား အဖမ်းခံရသူတွေ၊
မတရား ထောင်ချခံရသူတွေ ရှိနေတယ်ဆိုတာပါပဲ။ ပြန်လွတ်လာကြသူတွေ ရှိပေမယ့် ထောင်ထဲမှာ
မတရား ဖမ်းဆီးခံရသူတွေ အများကြီးပါပဲ။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
တိုက်ကွမ်ဒိုဆရာမ မနှင်းကေ နှင့် အမျိုးသမီး ၃ ဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြရာတွင်
ပါဝင်သည်ဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စွပ်စွဲ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု
တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှု ဖွင့်လှစ်ပြီး ယင်းကဲ့သို့
ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.