တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ထုံးဖိုစစ်ဆေးရေးဂိတ်၌ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲက မော်တော်ဆိုင်ကယ်များအား ဖမ်းဆီး၍ ဒဏ်ရိုက်သည်ဟုဆိုကာ ငွေတောင်းခံနေမှုကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။
.
“ ခေါင်းဖြူ (ယာဉ်ထိန်း)တွေ
ဖမ်းကြတာ။ ဒဏ်ငွေက ၂၀၀၀၀ တောင်းတာ။ မပြည့်မချင်း ပြန် ရှာခိုင်းတယ်။ မပြည့်ရင် မပေးလွှတ်ဘူး။
ရုံးက သတ်မှတ်ထားတာ၊ ရုံးကို ပို့ရတယ်လို့ပဲ ပြောတာ။ အခုချိန် ဒဏ်ငွေ မဆောင်နိုင်တဲ့သူ
များတယ်၊ အကုန်လုံး မျက်နှာငယ်လေးတွေနဲ့။” ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဖမ်းဆီးရာတွင်
ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ နံပါတ်ပြား မပါ/မထင်ရှားခြင်းများအား အဓိက ထား၍ ဖမ်းကာ
ဒဏ်ရိုက် ငွေတောင်းယူခြင်း ဖြစ်ပြီး အဖမ်းခံရသူ အများစုမှာ အေးသာယာ လျှပ်စစ်ရုံးသို့
ဓါတ်အား အသုံးပြုခ သွားရောက် ပေးဆောင်သူများ ဖြစ်ကြောင်း သိရသည်။
.
“ အဓိက အဖမ်းခံရတဲ့သူတွေက
မီတာ လာဆောင်တဲ့ အဲဒီနား ဝန်းကျင်က လူတွေ များတယ်။ ခဏဆိုပြီး အပြင်ထွက် မီတာဆောင်တာကို
ဖမ်းပြီး ငွေတောင်းတာ။ တနေကုန် မိုးချုပ်တဲ့အထိကို ဖမ်းတာ။ ကျွန်တော် တွေ့တာတောင် လူ
၄၀ လောက် ရှိတယ်။” ဟု အေးသာယာ မြို့ခံတစ်ဦးက ပြောသည်။
.
ဖမ်းဆီးခံရသူများတွင်
ကျေးလက်နေ ဒေသခံ ပြည်သူများလည်း ပါဝင်ပြီး ၎င်းတို့ကိုမူ အကြောင်း အမျိုးမျိုးပြ၍ ခြိမ်းခြောက်
ငွေ တောင်းယူမှု ပို များကာ အချို့မှာ ကျပ်သိန်းနှင့် ချီ၍ ပေးရသည်ဟုလည်း အဆိုပါ ဒေသခံက
ပြောသည်။
.
အေးသာယာမြို့ရှိ ထုံးဖိုဂိတ်အပြင်
ပြည်နယ်မြို့တော် ဖြစ်သည့် တောင်ကြီးမြို့ရှိ သစ်တောဂိတ်၊ စောစီဂိတ်၊ မြေပုံဂိတ်၊ ပလီလင်းဂိတ်၊
ပါမိုးနဲဂိတ် စသည့် မြို့ အဝင်/ထွက် ဂိတ်များတွင်လည်း လုံခြုံရေး အကြောင်းပြ စစ်ဆေး၍
ငွေတောင်းခံခြင်း၊ ယာဉ်/လမ်းစည်းကမ်း အကြောင်းပြ ငွေတောင်းခံခြင်းများကို စစ်ကောင်စီ
လက်အောက်ခံ ဝန်ထမ်းများက စီးပွားဖြစ် လုပ်ဆောင်နေလျက် ရှိရာ ဒေသခံ ပြည်သူများ အခက်အခဲနှင့်
ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
.