ပြည်ထောင်စု နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရသည့် ပြည်ထောင်စုသားများ အားလုံးကို စာနာနားလည် ထပ်တူ ခံစားရပါကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ထုတ်ပြန်သည်။
.
ယမန်နေ့ ဩဂုတ်လ ၁၆ ရက်တွင် ကျရောက်သည် SSPP တည်ထောင်ခြင်း ၅၁ နှစ်မြောက် နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းများနှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန် အထူးပင်လိုအပ်နေပြီး ပကတိ ဖြစ်တည်နေသော နိုင်ငံရေးအကြပ်အတည်းများကို ဝိုင်းဝန်း မဖြေရှင်းနိုင်သေးသရွေ့ ဖြေလျှော့ပြေလည်နိုင်မည် မဟုတ်ကြောင်း သတိချပ်စေလိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ယင်း အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲ ကျင့်သုံးရေး၊ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး၊ မတရားဖိနှိပ်သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် အားလုံး ပါဝင်သည့် အစစ်အမှန် နိုင်ငံရေး ဖြေရှင်းမှု အဝန်းအဝိုင်း ဖန်တီးရေး စသည့် အခြေအနေများ အထူးလိုအပ်သည်ဟုလည်း SSPP က ဆိုသည်။
.
SSPP နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရွှေရတုကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ရာ နာယက စဝ်ဆေထင်၊ ဥက္ကဌ စဝ်ပန်ဖ၊ ဒုဥက္ကဌ(၁) စဝ်ခေးတိုင်း၊ ဒုဥက္ကဌ(၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်သော ဗဟိုကော်မတီဝင်များ၊ တပ်မှူးတပ်သားများနှင့် ဗဟိုဌာနချုပ် အနီးရှိ ပြည်သူများ စုစုပေါင်း ၂၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။