.
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့များ ယနေ့ ဩဂုတ်လ ၃ ရက်၊ နေ့လယ်ပိုင်းတွင် နေပြည်တော်သို့
ရောက်ရှိခဲ့ကြောင်း သိရသည်။
.
.
ရှမ်းပြည်တိုးတက်ရေးပါတီ
(SSPP) ကိုယ်စားလှယ်အဖွဲ့ကို
SSPP ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ကြီးခေးတိုင်းနှင့် ဒုဥက္ကဋ္ဌ
(၂) ဗိုလ်ချုပ် ခွန်ဆိုင်တို့က ဦးဆောင်ပြီး စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၁၀ ဦးခန့်
ပါဝင်ကာ မနက်ဖြန် ဩဂုတ်လ ၄ ရက်တွင် စစ်ကောင်စီအဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း
သိရသည်။
.
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊
မိုင်းရှူးမြို့နယ်အတွင်း SSPP တပ်စခန်းများအား ဆုတ်ခွာပေးရန် စစ်ကောင်စီ က အကြောင်းကြားထားမှုအပေါ် SSPP
မှ ဆုတ်ခွာပေးခြင်းမရှိသဖြင့် ယင်းနယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် SSPP
တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေချိန်လည်း ဖြစ်သည်။
.
SSPP တပ်စခန်းများ
ဆုတ်ခွာရန် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က မိုင်းနောင်မြို့၌ စစ်ကောင်စီဘက်မှ
ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေး
ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) တို့ တွေ့ဆုံစဉ် စစ်ကောင်စီဘက်က
တောင်းဆိုခဲ့ပြီး SSPP အနေဖြင့်
တပ်စခန်း ၃ ခုအား ဆုတ်ခွာပေး နိုင်ခြင်းမရှိကြောင်း ဇူလိုင်လ ၂၁ ရက်က အကြောင်းပြန်ကြားခဲ့သည်။
.
ထို့နောက် ဇူလိုင်လ
၂၆ ရက်တွင် စစ်ကောင်စီမှ ကိုယ်စားလှယ်များနှင့် SSPP တာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံရာတွင်လည်း SSPP အနေဖြင့် တပ်စခန်း ၃ ခုအား ဆုတ်ခွာပေးရန် မဖြစ်နိုင်ကြောင်း ထပ်မံ ပြောဆိုထား
သည်။
.
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်
(SSPP/SSA) သည် မိုင်းရှူးမြို့နယ်၊
ဝမ်ဟိုင်းဒေသတွင် အခြေစိုက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ် မထိုးထား သော်လည်း အာဏာသိမ်း စစ်တပ်၏ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။
.