.
၂၀၂၁ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်
ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သည့် SSPP နှင့် TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)
က ယမန်နေ့ ဩဂုတ်လ ၆ ရက်တွင် အခမ်းအနားဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
.
.
RCSS/SSA ဗဟိုဌာနချုပ်
လွယ်တိုင်းလျဲန်းတွင် ပြုလုပ်သည့် အဆိုပါ စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့် အခမ်းအနား
တွင် SSPP တပ်သား ၁၃ ဦး၊
သတင်းပေး ၅ ဦး၊ SSPP တပ်ဖွဲ့ဝင် ၅ ဦး၊ TNLA တပ်ဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အခမ်းအနားတွင် RCSS/SSA ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး
စိုင်းယီက လွတ်မြောက်ခွင့် ပေးခြင်းသည် ကတိ ကဝတ်မရှိဘဲ နေရပ်ကို လွတ်လပ်စွာ ပြန်နိုင်ကြောင်း၊
နေရပ်ပြန်နိုင်ရေးအတွက်လည်း RCSS မှ တာဝန်ယူပြီး မိုင်းကိုင်
မြို့နယ်အထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် ထိန်းချုပ်ထားရသည့် အကြောင်းအရင်းမှာ
တိုက်ပွဲကာလ အချိန်ဖြစ် သောကြောင့် ထိန်းချုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့အပြင် ယခင်က ရှမ်းပြည်တိုင်းရင်းသားအချင်းချင်း
တိုက်ပွဲဖြစ်ပွားမှု လွန်စွာနည်းပါးသော်လည်း ယခု တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ
မြောက်ပိုင်းအဖွဲ့၊ တောင်ပိုင်းအဖွဲ့ စသည့် ခွဲခြားအမုန်းစကားများကြောင့် ရှမ်းပြည်တိုင်းရင်းသား
အချင်းချင်း တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ရှမ်းပြည်တိုင်းရင်းသားများအတွက် အရှုံးနှင့်
ရင်ဆိုင်နေရကြောင်း၊ ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ RCSS/SSA မှ ပြန်လည်လွှတ်ပေးသူများတွင်
သီပေါမြို့နယ်မှ ၁၃ ဦး၊ ကျေးသီးမြို့နယ်မှ ၄ ဦး၊ မိုင်းရယ်မြို့နယ် မှ ၃ ဦး၊ လားရှိုးမြို့နယ်၊
နမ့်လန်မြို့နယ်၊ တန့်ယန်းမြို့နယ်နှင့် မိုင်းရှူးမြို့နယ်များမှ ၁ ဦးစီ၊ စုစုပေါင်း
၂၄ ဦး ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၁၆ နှစ်မှ ၅၆ နှစ်အထိ ပါဝင်ကြောင်း သိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
(RCSS/SSA)သည်
တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသူများကို ဘေးကင်း လုံခြုံစွာ
ထိန်းသိမ်းစောင့်ရှောက်ထားပြီး နိုင်ငံတကာကျင့်သုံးသည့် စစ်သုံးပန်းများအပေါ်
ပြုကျင့်ရမည့် ဝတ်တရားနှင့် အညီ လိုက်နာဆောင်ရွက်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ
ကုသမှုများ၊ ကိုယ်ပိုင်းဆိုင်ရာ ကုသမှုများလည်း ဆောင်ရွက် ပေးခဲ့ကြောင်း RCSS/SSA အာဘော် Tai Freedom သတင်းက ဖော်ပြထားသည်။
.