ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်တုပ်ကျေးရွာ (အင်းသားရွာ)နှင့် မဆုန့်ခွမ်ကျေးရွာ (ရှမ်းရွာ)တို့်မှ ဒေသခံပြည်သူ အချို့သည် ဩဂုတ်လ ၂၃ ရက်တွင် စစ်ကောင်စီတပ် လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့၏ မတရား ဖမ်းဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာ အခြေစိုက် PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့၊ တပ်ခွဲ (၅) မှ ဗိုလ်လေးဦးနှင့် ဗိုလ်လေးအောင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာများသို့ ရောက်ရှိလာပြီးနောက် ဒေသခံ ပြည်သူများကို မတရား ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" ရောက်လာပြီး ထီရီးစခန်းကို ဖမ်းခေါ်သွားတာ။မူးယစ်ဆေး ကျော်ဇောမှုနဲ့ ဖမ်းတာလို့ ပြောတယ်။ တစ်ဦးကို သိန်း ၃၀ နဲ့ လာရွေးခိုင်းတယ်၊ မရွေးရင် ရဲလက် အပ်မယ်လို့ ပြောတာ။ ရွာလူကြီးတွေ လိုက်သွားပြီး မဟုတ်ကြောင်း ပြောပြီး တောင်းတဲ့ငွေကို လျှော့ခိုင်းပြီးတော့မှ ပြန်ရွေးလာရတာ။ ပြန်ပေးဆွဲသလိုမျိုးပေါ့။" ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
.
အဆိုပါ ဖမ်းဆီးခံရသူများမှာ မဆုန့်ခွမ်ရွာမှ ကိုထွန်းတင်၊ နမ့်တုပ်ရွာမှ မောင်ငယ် နှင့် ၄င်၏ဇနီး မယ်ပုံ့ တို့ ဖြစ်ကာ ကိုထွန်းတင် အတွက် ငွေကျပ် ၁၅ သိန်း၊ မောင်ငယ် နှင့် ဇနီး တို့အတွက် ငွေကျပ် ၅ သိန်း ပေးဆောင်ခဲ့ရသည်ဟု ၎င်းထံမှ သိရသည်။
.
" အဖမ်းခံရသူတွေ ခုတော့ လွတ်လာကြပြီ။ ခုလိုမျိုး ဖမ်းပြီး ငွှေညှစ်တာတွေ ခဏ ခဏ လုပ်တယ်။ တကယ် အပြစ်ရှိလို့ ဖမ်းတာမျိုးဆိုရင် ဘာမှ မဖြစ်ပါဘူး။ ခုက ငွေလိုတိုင်း အပြစ်မရှိ အပြစ်ရှာ ဖမ်းပြီး ငွေညှစ်နေတာ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
လက်ရှိတွင် ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကာ ယင်းကဲ့သို့ မူးယစ်ဆေး အကြောင်းပြ၍ ဖမ်းဆီးပြီး ငွေ တောင်းခံသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။