တိုင်းရင်းသား ပြည်သူများထံမှ သိန်း ၁၀၀၀ ကျော် ကောက်ခံ ရရှိကြောင်း PNO ပြည်သူ့စစ် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းရင်းသား ပြည်သူများထံမှ သိန်း ၁၀၀၀ ကျော် ကောက်ခံ ရရှိကြောင်း PNO ပြည်သူ့စစ် ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား အပါအဝင် ပြည်သူများထံမှ ငွေကျပ် သိန်းပေါင်း ၁၀၀၀ ကျော် ကောက်ခံ ရရှိကြောင်း PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့က ထုတ်ပြန်ထားသည်။
.
အထူးဒေသ(၆) နယ်မြေ လုံခြုံရေးအတွက် ကောက်ခံရရှိသည့် အလှူငွေမှာ ဇူလိုင်လ ၃၁ ရက်ထိ ငွေကျပ် ၁၀၂၅၀၅၀၀၀ ဖြစ်သည်ဟု PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့၊ ဘဏ္ဍာရေးဌာန၊ ပြန်ကြားရေး က ၎င်းတို့ အာဘော် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ယမန်နေ့ ဩဂုတ်လ ၇ ရက်တွင် ပြည်သူများထံ အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ထုတ်ပြန်မှုအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများက ထုတ်ပြန်သည့် ငွေပမာဏ၊ သတ်မှတ် ကောက်ခံသည့် ငွေပမာဏ၊ တည်ရှိသည့် အိမ်ထောင်စု အရေအတွက် တို့ဖြင့် နှိုင်းယှဉ်၍ ပြစ်တင် ဝေဖန် လှောင်ပြောင်နေကြသည်ကိုလည်း တွေ့ရသည်။
.
" ဘာမှ အလှူငွေ မဟုတ်ဘူး၊ ဆက်ကြေး ကောက်တာ။ ရိုးသားတဲ့ ပအိုဝ်း ပြည်သူတွေကို လူမျိုးရေး အကြောင်းပြပြီး စစ်ကောင်စီလက်အောက်မှာ နေပျော်အောင် သင်ပေးနေတာ။ အလုပ်အကိုင် အဆင်မပြေနေချိန် သူတို့ကတော့ စစ်ကောင်စီ အလိုကျ ပြည်သူကို ဒုက္ခပေးနေတဲ့ အဖွဲ့လိုပဲ မြင်တယ်။ ပြီးတော့ ပအိုဝ်းတိုင်းဟာ PNO မဟုတ်ဘူးဆိုတာ ဗမာတွေကိုလည်း သိစေလိုတယ်။" ဟု ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။
.
နယ်မြေ လုံခြုံရေးအား အကြောင်းပြ၍ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့သည် ဒေသခံပြည်သူများထံမှ တစ်အိမ်ထောင်လျင် ငွေကျပ် ၃၀၀၀၀ ဆီ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကောက်ခံမှုအပေါ် ထောက်ခံသူ အချို့ ရှိသော်လည်း အများစုမှာ ကန့်ကွက် ရှုတ်ချကြကာ မဖြစ်မနေ ထည့်ဝင်ရန် ဖိအားပေးမှုကြောင့် ထည့်ဝင်ကြရသည်ဟု သိရသည်။
.
" တကယ် မရှိလို့ မပေးတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံအဖွဲ့ ဖြစ်တာကြောင့် မထည့်ချင်ဘူး။ ဒါပေမဲ့ သူကြီး (ကျေးရွာတာဝန်ခံ) က အတင်း ထည့်ခိုင်းတယ်။ ၃ ခါလောက် အကြွေး တောင်းသလို၊ ဓါးပြတိုက်သလို လုပ်နေတော့ ထည့်လိုက်ရတယ်။" ဟု ပအိုဝ်း တိုင်းရင်းသား တစ်ဦးက ပြောသည်။
.
PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့သည် မူလက တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော်လည်း ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူပြီးနောက် ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အရွယ်ရောက်ပြီးသူများ အားလုံးကို စစ်ပညာသင်ကြားပေးပြီး လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းမည်ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။
.
လက်ရှိတွင် PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့သည် ဒေသခံ ပြည်သူများထံမှ ငွေကြေး ကောက်ခံ၍ ပြည်သူများအား သိုင်းသင်စေခြင်း အပြင် အခြေခံစစ်သင်တန်းများကိုပါ သင်ကြား‌စေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats