.
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)၊ တပ်ခွဲ
(၃)မှ တပ်ဖွဲ့ဝင် ၂ ဦးသည် ၎င်းတို့ ပိုင်ဆိုင်သည့် လယ်ယာမြေများကို ရောင်းချ၍
တပ်ဖွဲ့အတွက် လိုအပ်သည့် စနိုက်ဘာလက်နက်များ ဝယ်ယူခဲ့သည်ဟု သိရသည်။
.
.ဖယ်ခုံ PDF တပ်ရင်း (၂) တပ်ခွဲ (၃) မှ ကိုပီတာနှင့် အခြား
တပ်ဖွဲ့ဝင်တစ်ဦးတို့သည် ၎င်း၏မိဘများ အမွေပေး ထားသည့် လယ်ယာမြေ တစ်ဧကစီကို ရောင်းချ၍
စနိုင်ဘာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့ တပ်ခွဲ(၃)က အများအားဖြင့် တပ်ခွဲမှူးတွေ၊
အဖွဲ့ဝင်တွေ အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းပြီးမှပဲ တည်ထောင်ထားဖြစ်တဲ့
အကြောင့် ကျွန်တော်တို့ရဲ့ အဓိက လက်နက်အင်အား ခဲယမ်းတွေက ကျွန်တော်တို့ ကိုယ်ပိုင်
စိုက်ထုတ်ထားတဲ့ဟာက ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက
အများပြည်သူရဲ့ ထည့်ဝင် လှူဒါန်းငွေနဲ့ တည်ဆောက်ထားတာပါ” ဟု ကိုပီတာက ပြောသည်။
.
“အာဏာရှင်ကို မနိုင်မချင်း ကျွန်တော်တို့ တွန်းလှန်မယ်။
အပြီးထိ တွန်းလှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာကို ထုခွဲ ရောင်းချတာပါ။ တစ်ယောက်
နည်းနည်းဆီနဲ့ ကျွန်တော်တို့ စုဖွဲ့လိုက်လို့ ရှိရင် ကျွန်တော်တို့ တော်လှန်ရေးက
ပိုပြီးတော့ အားကောင်းလာမယ်။ နောက်ဆုံးအနေနဲ့ ဒီ တော်လှန်ရေးကြီးကို ကျွန်တော်တို့
မြန်မြန် ပြီးချင်လို့ပါ” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ဖယ်ခုံ PDF တပ်ရင်း (၂) သို့ လှူဒါန်းလိုသော အလှူရှင်များ
အနေဖြင့် Pekhon
People Defence Force - 2 ၏ Page
messenger မှ တစ်ဆင့် ဆက်သွယ်ကူညီ လှူဒါန်းနိုင်ကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) PEKHON PDF - 2 ကို
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး PEKHON PDF သည်
များပြားလှသော တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များကို ထိထိ ရောက်ရောက် စီမံအုပ်ချုပ်
တိုက်ပွဲဝင်သွားရန်နှင့် ရဲဘော်များ၏ စိတ်ဓါတ် ခွန်အားကို မြင့်တင်သွားရန်
ရည်ရွယ်၍ တပ်ရင်း(၂) ကို တိုးချဲ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)သည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊
ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု အောက်တွင်ရှိသော တပ်ရင်း
ဖြစ်ကြောင်းလည်း သိရသည်။
.