ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလျားကူရွာ၌ ဩဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သော လွိုင်ကော် PDF မှ ရဲဘော် မောင်စီနီးလို ရဲ့ ဈာပနကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရဲဘော် မောင်စီနီးလိုသည် ကျဆုံးချိန်တွင် အသက် ၁၉ နှစ် ရှိပြီ ဖြစ်ကာ စစ်ကောင်စီအား ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် တော်လှန်၍ မိမိကျေးရွာ မိမိဒေသ မိမိပြည်နယ် မိမိတိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်စေခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်ပြီး ပေးဆပ်မှုအား နမျှောတသ ဝမ်းနည်းရသလို ညိုးငယ်သောစိတ်ဖြင့် ဦးညွှတ်အလေးပြုသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)က ထုတ်ပြန်သည်။
.
ဆိုလျားကူရွာအနီးသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို လွိုင်ကော် PDF၊ KA ၊ KNDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF ၊ KRU ၊ KGZ ၊ တပ်ရင်း (၁၁၀၁) နဲ့ တပ်ရင်း (၁၁၀၇) တပ်ရင်းတို့က ပူးပေါင်း ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး၍ လွိုင်ကော် PDF မှ မောင်စီနီးလို ကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။