အာဏာရှင် မှန်သမျှ တိုင်းပြည်အတွက် အမှိုက်ပါ [Opinion] - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဏာရှင် မှန်သမျှ တိုင်းပြည်အတွက် အမှိုက်ပါ [Opinion]

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကြာ ကာလအတွင်း မြန်မာပြည် စီးပွားရေး အကျပ်အတည်းက ပို ကြီးထွားလာတယ်လို့ ဆိုနိုင်တယ်။ တရုတ်၊ ရုရှားလို နိုင်ငံတချို့က လွဲလို့ ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး မရှိသလောက်ဖြစ်လာခဲ့တယ်။ ဒီနိုင်ငံကြီး နှစ်ခုကလည်း သူတို့ရဲ့အကျိုးစီးပွားကို အဓိက ဦးတည်တာဆိုတော့ မြန်မာပြည်သူတွေအတွက်က ဘယ်လိုမှ သုံးမရတဲ့ အခြေအနေပါ။ နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်သလောက် ဖြစ်ခြင်းရဲ့အကျိုးဆက်/ အဆိုးဆက် အနေနဲ့ မြန်မာပြည် စီးပွားရေးဟာ ဇောက်ထိုးနီးပါး ကျဆင်းလာခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေက ပြည်တွင်းကုန်ဈေးနှုန်းတွေ တက်လာခဲ့ခြင်းပါ။

.


စစ်ကိုင်း၊ ကရင်နီ အစရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှု များတဲ့အတွက် ဆန်စပါး စိုက်ပျိုးခြင်း လုပ် ငန်းတွေ အရင်လို လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ဆန်စပါး အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ ဒေသတွေမှာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ပြည်တွင်း ဆန်ဈေးကွက်မှာ ဈေးနှုန်း မြင့်တက်လာခြင်းတွေ ကြုံလာရပါတယ်။ မြန်မာနိုင်ငံဟာ ဆန်ကိုအဓိက စားသုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဆန်ဈေးနှုန်း တက်တာနဲ့ အရင်ဆုံး ထိခိုက်တာက အခြေခံ ပြည်သူတွေပါ။ ဒီလို အခြေအနေမှာ စစ်ကောင်စီကတော့ ငတေ မာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်နဲ့မတော်မတရား သိမ်းထားတဲ့ အာဏာ တည်မြဲရေးကိုသာ ဦးတည်နေပါတယ်။

.

စစ်ကောင်စီကတော့ ငတေ မာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်နဲ့မတော်မတရား သိမ်းထားတဲ့ အာဏာ တည်မြဲရေးကိုသာ ဦးတည်နေပါတယ်။

.

INGO အဖွဲ့ တစ်ခုရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူမိသားစုတွေရဲ့ ၈၀ ရာခိုင်နှုန်း စားဝတ်နေရေး စိုးရိမ်ပူပန်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အခြေခံအိမ်ထောင်စုတိုင်း မိသားစုဝင် ကလေးငယ်တွေလောက်ငအောင် ကျွေးမွေးဖို့အတွက် အရွယ်ရောက်သူတိုင်း အစားအစာကို လျှော့စားလာရတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခင်အစိုးရလက်ထက် ဆင်းရဲမွဲတေမှုနှုန်း လျှော့ချဖို့ ဆောင်ရွက်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေး နောက်ပြန်လှည့်ပြီး ကျဆင်းသွားတဲ့အတွက် မြန်မာပြည်သူတွေရဲ့ ဝင်ငွေ ကျဆင်းပြီးဆင်းရဲတွင်း နက်သထက် နက်အောင် ကျဆင်းသွားခဲ့ရပါတယ်။

.

ယခင်အစိုးရလက်ထက် နိုင်ငံ စီးပွားရေး တိုးတက်မှုတချို့ကြောင့် အလယ်အလတ် ဝင်ငွေ ရှိခဲ့တဲ့အိမ်ထောင်စုတွေဟာ အခုချိန်မှာတော့ စီးပွားရေး အနေအထားက ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ကျဆင်းလာခဲ့ရပါတယ်။ ကိုဗစ် ကပ်ရောဂါကြောင့်စီးပွားရေး နာလန်ထူဖို့ အတော်ကြိုးစားရမယ့် မြန်မာပြည်ရဲ့ အခြေအနေက စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့အတွက် အဆိုးဆုံး အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ လတ်တလော မြန်မာပြည်သူအိမ်ထောင်စုတိုင်း ဝင်ငွေ နည်းပါးတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အထွေ‌ထွေ ကုန်ကျစရိတ် များပြားလာတဲ့ အတွက် ဆင်းရဲမွဲတေမှုနှုန်း ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

.



ပြည်သူလူထုလက်ထဲ ရှိရမယ့် တိုင်းပြည်အာဏာဟာ လူတစ်စု လက်ထဲ ရောက်သွားတာနဲ့ အဲဒီတိုင်းပြည် ပျက်စီးခြင်းငါးပါး ဆိုက်ပါတယ်။ အနီး ဆုံး ယူရမယ့် သင်ခန်းစာကတော့ သီရိလင်္ကာနိုင်ငံပါ။ သီရိလင်္ကာနိုင်ငံဟာ ဆွေမျိုးတပည့်ကောင်းစားရေး မူဝါဒကို ကိုင်စွဲခဲ့တဲ့အတွက်တိုင်းပြည် ဒေဝါလီ ခံရတဲ့အထိ ပျက်စီးသွားခဲ့ရပါတယ်။ ဆွေမျိုးတပည့် ကောင်းစားရေး မူဝါဒဆိုတာအာဏာ လက်ကိုင်ပြုထားတဲ့ လူတွေနဲ့ သူတို့ကိုမြှောက်ထိုးပင့်ကော် လုပ်တဲ့လူတွေ ပေါင်းလုပ်၊ ပေါင်းစားခြင်းပါ။ နိုင်ငံနဲ့ပြည်သူအတွက် ဘာအကျိုးမှ ဖြစ်ထွန်းခြင်း မရှိပါဘူး။ လတ်တလောမြန်မာပြည်ရဲ့ အနေအထားကလည်း အာဏာရှင်နဲ့လက်ဝေခံတွေ ကောင်းစားရေးသာ ဦးတည်နေပါတယ်။

.

လတ်တလောမြန်မာပြည်ရဲ့ အနေအထားကလည်း အာဏာရှင်နဲ့လက်ဝေခံတွေ ကောင်းစားရေးသာ ဦးတည်နေပါတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်ကျော် ကာလအတွင်း မြန်မာပြည်က သန်းနဲ့ချီတဲ့ ကလေးငယ်တွေအရွယ်နဲ့ မမျှ ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရပါတယ်။တချို့သော ကလေးငယ်တွေဟာ တစ်ဝမ်းတစ်ခါးရပ်တည်ဖို့အတွက် တောင်းရမ်း စားသောက်ခြင်းဘဝကို ရင်ဆိုင်နေကြရပါတယ်။ နေရာထိုင်ခင်း အခက်အခဲ၊ အစားအသောက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ မရတဲ့အတွက် အဆိုးဆုံး ရောက်နေတယ်လို့ ဆိုရမှာပါ။ စစ်ကောင်စီကတော့ သူတို့ကို လူရာမသွင်းတဲ့ ကမ္ဘာကြီးကို ဝါဒဖြန့်ဖို့ ဘုရားတည်၊ ကျောင်းဆောက်အလုပ်တွေ လုပ်ပြနေဆဲပါ။ အာဏာရှင်မှန်သမျှတိုင်းပြည်အတွက် အမှိုက်တွေသာ ဖြစ်ပါတယ်။ အမှိုက်ထဲမှာ တန်ဖိုးရှိတဲ့ အမှိုက်တွေရှိတတ်ပေမဲ့ စစ်အာဏာရှင်ကတော့ တန်ဖိုးမရှိတဲ့ အမှိုက်မျှသာ။


Journal Download

Photo of three cats